CNI Intaernational News

နယူးဒေလီ၊ မေလ ၁၄

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မေလ ၁၄ ရက်၌ စတင် ကျင်းပမည့် နှစ်ရက်ကြာ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲ၏ လောင်းရိပ်အောက် ရောက်ရှိ နေလိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေအရ အဖွဲ့ဝင်နိုင်ငံများကြား ဘုံသဘောတူညီချက်တစ်ရပ် ရရှိရန်နှင့် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန် နိုင်ရန်အတွက် BRICS အဖွဲ့၏ စွမ်းဆောင်ရည်ကို စမ်းသပ်မည့် အချိန်ဖြစ်နေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

မူလက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည့် BRICS အဖွဲ့တွင် မကြာသေးမီ နှစ်များအတွင်း အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ယူအေအီးနိုင်ငံများ ပါဝင်လာခြင်း ကြောင့် အဖွဲ့ဝင်အရေအတွက် ပိုမိုတိုးပွားလာခဲ့သည်။

၂၀၂၆ ခုနှစ်အတွက် BRICS အလှည့်ကျဥက္ကဋ္ဌဖြစ်သော အိန္ဒိယနိုင်ငံ အနေဖြင့် ပင်လယ်ကွေ့ ပဋိပက္ခအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချသည့် ဘုံသဘောထားတစ်ရပ် တည်ဆောက်နိုင်ရန် BRICS အဖွဲ့၏ အခန်းကဏ္ဍအား အသုံးချပေးရန် အီရန်က တိုက်တွန်းထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သည့် စစ်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင် ဘက်ဖြစ်နေသော အီရန်နှင့် ယူအေအီးကြား အဓိက သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araqchi) သည် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပ မည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) သည်လည်း ထိုအစည်းအဝေးသို့ တက်ရောက်ဖွယ်ရှိသည်။

အစည်းအဝေးတွင် ယူအေအီး နိုင်ငံအတွက် မည်သူက ကိုယ်စားပြု တက်ရောက်မည်ဆိုခြင်းကို ချက်ချင်း ရှင်းလင်းစွာ မသိရသေးပေ။

အီရန်၏ တိုက်ခိုက်မှုများကို ယူအေအီးနှင့် ဆော်ဒီတို့က စစ်ရေးအရ ပြန်လည် လက်တုံ့ပြန်ခဲ့သည်ဟူသော သတင်းများကြောင့် ယခုတစ်ကြိမ် ဆွေးနွေးပွဲတွင် တင်းမာမှုများ ရှိလာနိုင်သည်။

BRICS အဖွဲ့ဝင်အချို့သည် အီရန်ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေခြင်းကြောင့် ဘုံသဘောထား တစ်ရပ် ရရှိရန် ခက်ခဲလိမ်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဟာ ဂျိုင်စဝယ် (Randhir Jaiswal) က မတ်လအတွင်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ