CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်ထဲရောက်လျှင် နိုင်ငံ့ကိုယ်စားပြုလား၊ ပါတီကိုယ်စား ပြုမည်လား၊ ကိုယ့်ကိုယ်ကို ကိုယ်စားပြုမည်လား ဆိုသည့်ဟာမျိုးကို ရွေးချယ်ရန် လိုအပ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ဖိလစ်ပိုင်နိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအကြောင်းကို ၎င်း၏ လွှတ်တော်တွင် ဆွေးနွေးသွားတာတွေ့ရပြီး၊ မိမိတို့ နိုင်ငံတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဘာကြောင့် ကိုယ့် တိုင်းပြည်တွင် ဖြစ်နေသည့် ကိစ္စများကို ပြည်သူလူထုကိုယ်စား မားမားမတ်မတ် မရပ်တည်ပေးနိုင်ရ တာလဲဟု ၎င်းက ပြောသည်။
ဒေါ်စန္ဒာမင်းက “ရွေးကောက်ပွဲကနေပြီးတော့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာ လည်း ပေါ်ပေါက်လာပြီဖြစ်တယ်။ သို့သော်လည်း ဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ နံပါတ်တစ် ဒီလွှတ်တော်ထဲကို ရောက်ပြီဆိုလို့ရှိရင် နိုင်ငံ့ကိုယ်စားပြုမှာလား၊ ကိုယ့်ရဲ့ပါတီကိုပဲ ကိုယ်စားပြုမှာလား၊ ကိုယ့်ကိုယ်ကိုပဲ ကိုယ်စားပြု မှာလား ဆိုတဲ့ဟာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ အခု ဒီပထမဦးဆုံးပေါ့ နော်၊ ဒီပြည်တွင်းမှာ ဒီပဋိပက္ခတွေဖြစ် ပြီးတော့ ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်က သိပ်ပြီး တော့ အရေးကြီးတယ်။ သတ္တိရှိဖို့ လိုအပ်တယ်။ တိုင်းပြည်အတွက် လိုအပ်တဲ့ဟာတွေကို မှန်မှန်ကန် ကန် ရပ်တည်ပေးဖို့ လိုအပ်တယ်။ နိုင်ငံမှာ အခု နေရာ တကာမှာ ချွတ်ခြုံကျနေတဲ့ ကိစ္စမျိုးတွေ၊ ပြည်သူ လူထုတွေရဲ့ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးမှု မဖြစ်နေ တဲ့ ကိစ္စမျိုးတွေ၊ နောက်ပြီးတော့ တိုင်း ပြည်အတွက် ပြန်လည် ထူထောင်ပေးရမယ့် ကိစ္စမျိုးတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ သဟမျှတစွာနဲ့ ဆက်ဆံရမယ့် ကိစ္စမျိုးတွေကို ဒီကိုယ်စားလှယ်တွေက ပါတီကို ကိုယ်စားပြုမှာ လား၊ တိုင်းပြည်ကို ကိုယ်စားပြုမှာလားဆိုတာ ဆုံးဖြတ်ပြီးတော့ လွှတ်တော်ထဲမှာ မားမားမတ်မတ် သေသေချာ ချာ ရပ်တည်ပေးဖို့ လိုအပ်တယ်။ ဒါမှသာလျှင် ပြည်သူကနေ ပြည်သူအတွက် ရပ်တည်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ ပြောလို့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ သတ္တိရှိဖို့လိုတယ်”ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
လွှတ်တော်အမတ်များ အနေဖြင့် မိမိတို့ကို ရွေးချယ်လိုက်သော မဲဆန္ဒရှင် ပြည်သူများ၏ အကျိုးစီးပွား၊ လိုလား ချက်များနှင့် လူထုအသံကို အဓိက ကိုယ်စားပြုသင့်ပြီး ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ဥပဒေပြုခြင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်ခြင်းနှင့် ပြည်သူ့ လိုအပ်ချက်များကို လွှတ်တော်တွင် တင်ပြ ပြောဆိုခြင်း စသည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် အများစုသည် ရွေးကောက်ပွဲ မတိုင်မီတွင် ပြည်သူ့အသံကို နားထောင် ဟန်ဆောင်ပြီး၊ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက်သာ အချိန်ကုန် ဆုံးကြကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကိစ္စများကို ဆောင်ရွက်ပေးမည်ဟု မဲဆွယ်ကာလ တစ်လျှောက် ဟောပြောခဲ့သော်လည်း၊ အာဏာရလာချိန်တွင် ထိုကတိများကို လုံးဝ မေ့လျော့သွားကြကြောင်း ပြည်သူလူထုများက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အတူတူဖြစ်ပြီး၊ လွှတ်တော်၏ ဆောင်ပုဒ်ထဲတွင် ပါတီဆိုတာ တစ်ခုမှမပါ ကြောင်း USDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ အတူတူပါပဲ။ ဘယ်သူမဆို ပါတီကိုယ်စားပြုပြီးတော့ ဝင်ကြတာပဲ လေ လွှတ်တော်ထဲကို အဲ့ဒီမှာ ပါတီကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲကို ဝင်တယ်ဗျာ၊ ပါတီကိုယ်စားပြုပြီး တော့ ရွေးကောက်ပွဲဝင်တယ်ဗျာ၊ ပြည်သူမဲထည့်တယ်ဗျာ၊ ပြည်သူမဲထည့်တော့ ပြည်သူ့ကိုယ်စားလှယ်ပေါ့။ ပြည်သူတွေအတွက် ကိုယ်စားပြုတယ်ဆိုတာ သေချာတယ်လေ။ ကျနော်တို့ လွှတ်တော်အသံ ပြည်သူ့အသံ၊ ပြည် သူ့ရဲ့ တောင်းဆိုချက် လွှတ်တော်ရဲ့ဆောင်ရွက်ချက် ဆိုပြီးတော့ လွှတ်တော်ရဲ့ ဆောင်ပုဒ်ရှိတယ်လေ။ အဲဒီထဲမှာ လွှတ်တော်ရဲ့ဆောင်ပုဒ်ထဲမှာ ပါတီဆိုတာ တစ်ခုမှ မပါဘူး။ အခုလွှတ်တော် နားနေတဲ့ အချိန်မှာ ကျနော်တို့ မေးခွန်းတွေ၊ အဆိုတွေ မေးလို့မရသေးဘူး။ အစိုးရတွေဖွဲ့နေလို့လေ။ ဘာလို့ဆိုတော့ ဝန်ကြီးတွေကလည်း အထိုင် မကျသေးဘူး တချို့ဝန်ကြီးက အသစ်တွေလေ။ ဇွန်လ ၃ ရက်နေ့မှာ လွှတ်တော်ခေါ်လိမ့်မယ်”ဟု ပြောသည်။
လက်ရှိတွင် ပြည်သူလူထုသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ခံနေကြရသလို စုံ/မ သတ်မှတ်ချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်နေရခြင်းကြောင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့နေကြရသော်လည်း လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ အခက်အခဲကို လွှတ်တော်မှာ ဆွေးနွေးကြမှု မလုပ်ဘဲ အစိုးရနှင့် ပါတီ၏ ငြိုငြင်မှုခံရမှာကို စိုးရိမ်နေကြသည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော် နှင့်အစိုးရဖြစ်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ထောက်ပြကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အောက်ခြေ ပြည်သူလူထု၏ အသံနှင့် လိုအပ်ချက်များကို သိရှိ နားလည်ရန် လိုအပ်ကြောင်း၊ လွှတ်တော် အခင်းအကျင်း ပေါ်လာခြင်းသည် အာဏာခွဲဝေကျင့်သုံးသည့် ယဥ်ကျေးမှု ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြီး ၎င်းမှတဆင့် ပိုမိုအားကောင်းသည့် နိုင်ငံရေးစနစ်၊ နိုင်ငံရေး ယဥ်ကျေးမှု တိုးတက်လာရန် ကြိုးစားကြရမည်ဟု ထောက်ပြကြသည်။
