CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၃

အစိုးရ၊ တပ်မတော် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် အခါတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရမည် ဆိုသည်ထက် NCA စာချုပ်ကို လက်ခံရမည်ဆိုသော သတ်မှတ်ခြင်းမျိုး ဖြစ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင် ကန့်သတ်ချက်များ မထားဘဲ နိုင်ငံရေးအရ ပြောင်းလဲမှုကို ဦးတည်သည့် ဆွေးနွေးမှု ဖြစ်သင့်ကြောင်း၊ ဖက်ဒရယ်စနစ် လက်ခံသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲမှ ပုံစံမျိုးဖြစ်နေကာ  ဖက်ဒရယ်စနစ် မဆန်နေသည့် သဘောမျိုး ဖြစ်နေကြောင်း နိုင်ငံ ရေးလေ့လာသူများက ထောက်ပြကြသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးကြသည့် အခါတွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များထားလျှင် ရှေ့ကို ‌ရောက်နိုင်မည် မဟုတ်ကြောင်း၊ အကယ်၍ ထားမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမည် ဆိုသည်ထက် NCA စာချုပ်ကို လက်ခံရမည်ဆိုသည့် ပုံစံမျိုးနှင့်သွားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “ကြိုတင်ကန့်သတ်ချက်ဆိုတာ ဥပမာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံရမယ်တို့၊ ခွဲထွက်ခွင့် မဆွေးနွေး ရတို့ အဲဒီလိုဟာမျိုးတွေ ပြောတာပေါ့။ အခုဆိုရင်တော့ တပ်တွေ နေရာက ၂၀၂၃ အရင်က နေရာတွေ ဖြစ်ရမယ် တို့။ အဲဒါတွေ လက်ခံမှ အဲဒီအတိုင်း ဟိုဟာဖြစ်မှ ဆွေးနွေးမယ်တို့က အဲ့တာက ကြိုတင် သတ်မှတ်ချက်တွေ ခေါ် တာပေါ့။ အဲဒီလိုတွေ ဖြစ်လို့ရှိရင် ကျနော်တို့က ရှေ့မတက်နိုင်တော့ဘူး။ ကျနော် ခုနက ပြောတဲ့ဟာကျတော့ NCA ထိုးပြီးသား အဖွဲ့တွေ ကြားထဲမှာကျတော့ ရှင်းတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာ ရှင်း တယ်။ အဲဒီတော့ ကျနော်တို့က ၂၀၀၈  အခြေခံဥပဒေကို လက်ခံရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မဟုတ်ဘဲနဲ့ NCA စာချုပ်ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးတော့ အတည်ပြုထားတာရှိတယ်။ အဲဒီစာချုပ်ကို လေ့လာပြီးတဲ့ အခါကျတော့ အဲဒီ စာချုပ်ပါအတိုင်း AA တို့၊ KIA တို့ကလည်း NCA စာချုပ် လက်မှတ်ထိုးမယ် ဆိုတုန်းက လက်မှတ်ထိုးပါ့မယ်လို့ ပြောဖူးတယ်။ ပြောတဲ့အခါ စစ်တပ်ဘက်ကနေ ငြင်းလိုက်တာ။ အဲဒါနဲ့ ပတ် သက်ပြီး အတွင်း သတင်းတစ်ခု အရဆိုရင် ဦးသိန်းစိန်က အဲဒီတုန်းက မေးလိုက်တဲ့အခါ အဲဒီတုန်းက ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်က သူက လက်မခံလိုက်တာ။ ဟိုဘက်က ထိုးဖို့ပြင်နေပြီ။ ထိုးမယ့်အချိန်မှာ ဒီဘက်က လက်မခံလိုက်တာ။ အဲဒီ လက်မခံလိုက်တဲ့အတွက် သူတို့က အကြောင်းသိအောင် ပြလိုက်တဲ့သဘော ဖြစ်တာကို။ အဲဒီတော့ ဆိုလိုချင်တာက ကြိုတင်ကန့်သတ်ချက် စည်းကမ်းချက် ထားချင်တယ်ဆိုရင်လည်း တစ်ခု ထားချင်တယ်ဆိုရင်လည်း NCA စာချုပ်ကိုတော့ လက်ခံရမယ်။ NCA စာချုပ်ကို လက်ခံပြီးတော့ ဆွေးနွေးတာဆို ရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့” ဟု ပြောသည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ဆွေးနွေးလျှင် ယာယီ ငြိမ်းချမ်း ရေး ယူခြင်းမျိုးများ ဖြစ်လာနိုင်ကြောင်း၊ ထိုမှတဆင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ကာ ရည်မှန်းချက်များ တဆင့်ချင်း ဆွေးနွေးခြင်းမျိုး ရှိလာနိုင်သည်ဟု စစ်‌ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန်မှာ မလွယ်ကူနိုင်ကြောင်း၊ ငြိမ်းချမ်းရေးသည် ယုံကြည်မှု တည်ဆောက်ပြီးမှသာ ရရှိနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆောင်ရွက်ရာတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး အခန်းကဏ္ဍသည်လည်း အင်မတန် အရေးကြီးကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းများ ပြန်လည် ပေါ်ထွန်းလာရေး အတွက် နိုင်ငံရေးအရ ဖြေလျှော့မှုများ များစွာ လုပ်ဆောင်ပေးခြင်း စသဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည် ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။ 

NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်လာကြစဉ်

၎င်းက “ကျနော်တို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်းပဲ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမယ့် အဆင့်တစ်ခုလို့တော့ အဲဒီလိုရမှပဲ နည်းနည်းလေး ခိုင်ခိုင်မာမာ ဖြစ်ဖို့ကတော့ စဉ်းစားမှုရှိတယ်။ ဆိုတော့ကာ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အခန်းကဏ္ဍကလည်း အရေးပါသလို ဒီမိုကရေစီဆိုရင်လည်း ပဲ ပြည်သူလူထုတွေရဲ့ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြုလို့ မရဘူး။ ကျနော်တို့ အဲဒီ ယုံကြည်မှု တည်ဆောက် ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ‌ဆွေးနွေးချက်တွေ အများကြီးရှိပါတယ်။ လက်ရှိကတော့ နိုင်ငံရဲ့ ရေးရာ ကိစ္စရပ်များ အားလုံးကို တာဝန်ယူနေတဲ့ အစိုးရတစ်ရပ် အနေနဲ့ကတော့ ကျနော်တို့က ပိုပြီးတော့ ကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်တယ်၊ အမြော်အမြင်ကြီးဖို့လည်း လိုအပ်တယ်။ နောက်ပြီးတော့ စိတ်နေသဘောထား၊ သည်း ခံမှု စသည်ဖြင့် အဲဒါတွေကတော့ ကျနော်တို့ထက် ပိုပြီးတော့ ကြီးကြီးမားမား လုပ်ဆောင်ရမယ့် အဖွဲ့အစည်း တစ်ခုလို့တော့ နားလည်တဲ့အပေါ်မှာ ခုနက အသေးစိတ် လုပ်ငန်းတွေ အနေနဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ စားပွဲဝိုင်းတွေ ပြန်ထွက်လာနိုင်ဖို့အတွက် နိုင်ငံရေးအရ ဖြေလျှော့မှုတွေ အများကြီး လုပ်ဆောင်ပေးတာတို့ အဲဒါတွေလည်း လုပ်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ယန္တရားတွေ ခိုင်ခိုင်မာမာ မူဝါဒတွေ ခိုင်ခိုင်မာ မာ စသည်ဖြင့်ပေါ့လေ အဲဒါတွေ အများကြီးရှိတဲ့ထဲမှာ ခုနက ယုံကြည်မှုတည်ဆောက်ရေး ကိစ္စရပ်အနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့က နောက်ဆုံးချုပ်လိုက်တဲ့ အခါကျတော့ ဘယ်လိုအခြေအနေ၊ ဘယ်လိုအခက်အခဲ၊ ဘယ်လို အကျပ်အတည်း ဘယ်လောက်ပဲရှိရှိ မျက်နှာချင်းဆိုင် စကားပြောနိုင်တဲ့ အ‌ခင်းအကျင်းတော့ ကျနော်တို့ ကြိုးစား ပြီးတော့ စွန့်စွန့်စားစား ဖန်တီးဖို့တော့ လိုအပ်မယ် ထင်ပါတယ်” ဟု ပြောသည်။ 

မြန်မာ့ပြည်တွင်းရေး ပြဿနာသည်  ပြည်တွင်းမှာပင် ဖြေရှင်းရမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ် များအတွက် နိုင်ငံတကာ၏ တွန်းအားပေးမှုများ၊ လုပ်ဆောင်ချက် များသည်လည်း အရေးကြီးသည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။