CNI International News
ဂျေရုဆလင်၊ မေလ ၁၃
ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီ (Houthi) သူပုန်များသည် ဒရုန်းများ ထုတ်လုပ်ရာတွင် အီရန်နိုင်ငံထုတ် အစိတ်အပိုင်းများကို ဆက်လက် အသုံးပြုနေဆဲဖြစ်ကြောင်း အစီအရင်ခံစာသစ် တစ်ခုအရ ဂျေရုဆလင်ပို့စ်မှ ဖော်ပြခဲ့သည်။
ဥပမာအားဖြင့် ပြင်ပမှ ထောက်ပံ့မှုများသည် ဟူရ်သီအဖွဲ့၏ စစ်ဆင်ရေးများကို ရေရှည်ထိန်းထားနိုင်စွမ်းအတွက် အဓိက အရင်းအမြစ်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု ပဋိပက္ခလက်နက် သုတေသနအဖွဲ့(CAR)က ထုတ်ပြန် သည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ဟူရ်သီသူပုန်များသည် ၂၀၁၅ ခုနှစ်တွင် ယီမင်၏ တောင်တန်းများပေါ်မှ ဆင်းသက်လာပြီး ဆိပ်ကမ်းမြို့ဖြစ်သော အေဒင် (Aden) မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းကာ အရှိန်အဟုန် ပြင်းထန်လာခဲ့သည်။
ဟူရ်သီသူပုန်များကို ပြန်လည် တိုက်ခိုက်ရာတွင် ယီမင်အစိုးရကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့က ကူညီပေးခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ယီမင်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးပုံစံမျိုး ရှိနေခဲ့သော်လည်း ဟူရ်သီအဖွဲ့ သည် အဓိက ခြိမ်းခြောက်မှု တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ အင်အားကိုလည်း ဆက်လက် တည်ဆောက်နေကြသည်။
၎င်းတို့သည် အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ဖူးပြီး ပင်လယ်နီအတွင်းရှိ သင်္ဘောများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

ဟူရ်သီသူပုန်အဖွဲ့ကို တွေ့ရစဉ်
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဟူရ်သီတို့၏ လက်နက်များနှင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာ အရင်းအမြစ်များကို မှတ်တမ်းတင်ရာတွင် (CAR) အဖွဲ့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
CAR ၏ ကွင်းဆင်းစုံစမ်း စစ်ဆေးသူများသည် ၂၀၁၆ ခုနှစ်ကတည်းက ယီမင်နိုင်ငံနှင့် ပင်လယ်ကွေ့ဒေသရှိ မဟာမိတ်အာဏာပိုင်များနှင့် ပူးပေါင်းကာ ဟူရ်သီအဖွဲ့ ကိုယ်တိုင် ထုတ်လုပ်ထားသော လက်နက်များ၊ ပြင်ပမှ ရယူထားသည့် လက်နက်များ၊ ခဲယမ်းများ၊ ဒရုန်းများနှင့် လက်လုပ်ဗုံးများကို မှတ်တမ်းတင်နိုင်ရန် လုပ်ဆောင်ခဲ့ ကြသည်။
အစီအရင်ခံစာသစ်တွင် တွေ့ရှိထားသည့် လက်နက်အချို့ကို မှတ်တမ်းတင် ဖော်ပြထားပြီး CAR က ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့သည့် ဒုံးကျည်များတွင် ဟူသီတို့ပေးထားသည့် အမည်များအစား အီရန်တို့ ပေးထားသည့် အမည်များ ကိုသာ တွေ့ရှိရသည်။
ဥပမာအားဖြင့် ဟူရ်သီတို့က Saqr ဟု ခေါ်ဆိုသည့် ဒုံးကျည် (Saqr missile) အမည်အစား အီရန်နိုင်ငံက ခေါ်ဆို သည့် 358 ဒုံးကျည် (358 missile) ကဲ့သို့သော အသုံးအနှုန်းမျိုးကို တွေ့ရခြင်းဖြစ်သည်။
ထိုသက်သေ အထောက်အထားများအရ ဟူရ်သီအဖွဲ့သည် ပြင်ပမှ ထောက်ပံ့မှု အရင်းအမြစ်များကို မှီခိုနေရဆဲ ဖြစ်ကြောင်း ပြသနေပြီး အဆင့်မြင့် ဒုံးကျည်များနှင့် ဒရုန်းများ ထုတ်လုပ်နိုင်သည့် ပြည်တွင်း စက်မှုလုပ်ငန်း စွမ်းဆောင်ရည်ပိုင်းတွင် အားနည်းချက်များ ရှိနေသေးကြောင်း ညွှန်ပြနေသည်ဟု CAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ဂျေရုဆလင်ပို့စ်
