.CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄

နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းများစွာရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

ထိုအကြောင်းအား  ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ်  အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးမင်းအောင်လှိုင်က “မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားခဲ့ရာမှ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှ တစ်ဆင့် ဒီမိုကရေစီ အရ တည်ဆောက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်‌ပေါက်လာပြီဖြစ်သဖြင့် ဆက်လက် ထိန်းသိမ်းသွားရန် အခြေအနေကောင်းများ မိမိတို့တွင်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး တည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာရှိလာမည်ကို ထပ်လောင်းပြောကြားလိုကြောင်း” ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်

ထို့ပြင် ကိုလိုနီစနစ်အရ အတူတွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအရ မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအရလည်း ရှေးယခင်ကတည်းက ခိုင်မာသည့် ဆက်နွယ်မှုများရှိခဲ့ကြကြောင်း၊ ရှည်လျားသည့် ကုန်းမြေနှင့် ရေကြောင်း နယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှ တစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်းဦးစားပေး မူဝါဒ (Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်များကို မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။

အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များအပြင် အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။