CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် H.E.Mr.Ajit Doval နှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေသလီမြို့မှာ တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယဘက်က အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် H.E.Mr.Ajit Doval နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Shri Abhay Thakur တို့ တက်ရောက်ခဲ့သည်။

အလားတူ မြန်မာဘက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြား ရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေတို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်လျက်ရှိသည်။

ထိုအိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့်လည်း သီးသန့် တွေ့ဆုံဆွေးနွေးမည်ဖြစ် သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ် ထိစပ်မှု မိုင် ၁၀၀၀ ကျော် ရှိပြီး မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

အဆိုပါ နယ်စပ်တစ်လျှောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ လှုပ်ရှားလျက်ရှိပြီး တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

အလားတူ မြန်မာနိုင်ငံဘက်ခြမ်းကနေ အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုသွင်းမှုများ ကြီးထွားနေ၍ အိန္ဒိယဘက်က အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်လျက်ရှိနေသည်။