CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူလူထုများ မဲလာပေးမှု အားနည်းလျှင် နိုင်ငံအခင်းအကျင်း သည် မျှော်လင့်ထားသလို အမှန်ပြောင်းလဲလာနိုင်ပါ့မလား ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများအကြား သုံးသပ်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။ 

ရွေးကောက်ပွဲအလွန် နိုင်ငံ့အခင်းအကျင်းအတွက် နိုင်ငံ‌ရေးပါတီများသည် ရန်ဘက်ထက် မိတ်ဖက်ပိုများကြောင်း၊ မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ၏ ရလဒ်သည် နိုင်ငံအတွက် ကောင်းမွန်သည့်ဘက်ကို သွားနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့‌ ပြောသည်။ 

၎င်းက “နောက်ဆုံး အချက်အနေနဲ့ ဘယ်လိုပင်ပေါ့ဗျာ၊ ပြည်ခိုင်ဖြိုးက အမတ်များမယ်၊ တပ်မတော်က အမတ်များ မယ်၊ တခြားပါတီတွေက အမတ်က သူတို့လောက် မများသည်ထားအုန်း။ ကျနော်တို့ နားလည်ယုံကြည်နေတာက လာမယ့် ကာလ ၅ နှစ်တာသည် အခုကာလအထိပေါ့။ လွတ်လပ်ရေး ခေတ်ဦးက‌နေ အခုကာလအထိ ပြည်တွင်း စစ် ဆိုးကျိုးသံသရာကနေ ကနဦး ရုန်းထွက်ဖို့ ခြေလှမ်းပြင်တဲ့ မြန်မာ့လူဘောင်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ဖို့ ဖွံ့ဖြိုး တိုးတက်ဖို့ကို သွားမယ့် အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦး ၅ နှစ်လို့ ယုံကြည် လက်ခံထားတာပဲ။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ပေါ်ထွန်းလာနိုင်တဲ့ အခင်းအကျင်း  နိုင်ငံရေး တွန်းအား ကတော့ ရှိနေတယ်။ ယုံကြည်မှုကတော့ ရှိနေတယ် အဲဒီအမျိုးသား ညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ပါတီတစ်ခုထဲနဲ့ ဖွဲ့စည်းလို့မရဘူး။ တပ်မတော်သားတွေနဲ့ချည်းပဲ ဖွဲ့စည်းလို့မရဘူး။ ဘက်ပေါင်းစုံ တိုင်းရင်းသားတွေပါတဲ့ အမျိုး သား ညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးမှ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကို ဒီ ၅ နှစ်အတွင်းမှာ ခြစ်ကုတ်ခြစ်ခဲ ကျနော်တို့ အောင်မြင်အောင် ကြိုးစားရမယ့် နိုင်ငံရေးအရ ကျနော်တို့ကို တာဝန် ပေးအပ်ထားတဲ့ ကာလတစ်ခု သတ်မှတ်ယုံကြည်နေကြတဲ့ ကာလဖြစ်တယ်”ဟု ပြောသည်။

USDP ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့ကြောင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးရလဒ်ကို ထွက်အောင်ကြိုးစားရမည့် လာမည့် ၅ နှစ်ဟု ယုံကြည်သည် ဆိုပါက ပြည်သူလူထု ပေးမည့်မဲတိုးပွားလာနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။

၎င်းက “ အဲဒါကြောင့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအားဖြင့် ရလဒ်ကို ထွက်အောင် ကြိုးစားမယ့် ကနဦးငါးနှစ်လို့ အားလုံးက ယုံကြည်တယ်ဆိုရင် ပြည်သူရဲ့ ပေးတဲ့မဲကလည်းပဲ တိုးလာနိုင်တယ်။ အဲဒီလိုပဲ အဲဒီလို အခင်းအကျင်း မျိုးဖြစ်အောင် ပြည်ခိုင်ဖြိုးသော်လည်းကောင်း၊ တပ်မတော် ဘက်ကသော်လည်းကောင်း ဦးဆောင်ပြီးဒီအခင်းအကျင်းကို ဖန်တီးလာနိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။  အဲဒါကြောင့် နိုင်ငံ‌ရေးပါတီများဟာ လာမယ့် အခင်းအကျင်း အတွက် ပွင့်ပွင့်လင်းလင်း‌‌ပြောရင် ရန်ဘက်ထက် မိတ်ဖက်ပိုများတယ်။ နိုင်ငံကိုအားလုံးပါဝင်ပြီး အားလုံးလက်တွဲပြီး ပြန်လည်ပြီးတော့ အနာဂတ်နိုင်ငံတော်သစ်ရဲ့ ကနဦးခြေလှမ်းအစပြုတဲ့ ငါးနှစ်ကို တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ  ချထားကြတဲ့ကာလလို့ ကျွန်တော်ယုံကြည်တယ် " ဟု ပြော သည်။

လက်ရှိတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုသည် ဆန္ဒမဲပေးရန်အတွက် ယခင်လို ဝေဝါးနေသည့် အခြေအနေမျိုး မရှိတော့ကြောင်း၊ ရွေးကောက်ပွဲအ‌ပေါ် ပြည်သူလူထု မဲ‌ပေးမှု အားနည်းမည့် အခြေအနေဖြစ်မည် မထင်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ဒေါ်စန္ဒာမင်းမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်ပရောက် လူတွေကလည်း တစ်လျှောက်လုံး ပြည်တွင်းက အဖြစ်မှန်တွေကို နဂိုထဲကိုကလည်း မသိ တာကို သိရင်လည်း မသိချင်ယောင် ဆောင်တဲ့သူက ခပ်များများလေ။ ပြည်ပကနေ ပြောနေတာတွေကို အဟုတ် ကြီး ထင်နေတာကို အဟုတ်ကြီး ထင်နေတယ်။ ဒါကြောင့်မို့လို့လည်း မဲမပေးနဲ့တို့ ဘာတို့ သူတို့မဲပေးမှ ဒီရွေးကောက်ပွဲကြီးက အောင်မြင်သွားမှာမှ မဟုတ်တာ၊ ပြည်တွင်းမှာ မဲပေးမယ့်လူကလည်း နည်းနည်းလေးပဲ ရှိမှာမဟုတ်ဘူးလေ၊ မဲပေးမယ့်လူက ရှိထားပြီးသား။ လူတွေဟာ နဂိုတုန်းကတော့ မဲမပေးရဘူးတို့ ဘာတို့ ပြောနေပေမယ့် ပြောတာကို ယောင်တာတွေလည်း ရှိတာပေါ့နော်။ ‌ယောင်နေတယ်ဆိုတာ တကယ်ပဲ ဟုတ်ရ တော့ မလိုလို ဘာလိုလိုနဲ့ အဲ့တာမျိုး ယောင်တဲ့ပုံစံရှိပေမယ့် အခုကတော့ ရွေးကောက်ပွဲ နီးလာတယ်ပေါ့နော်။ နီးလည်းနီးလာပြီဖြစ်တဲ့ အခြေအနေမှာ ယောင်နေတယ်ဆိုတဲ့ဟာတွေက သိပ်မရှိတော့ဘူးဆိုတဲ့ ဟာမျိုးပေါ့နော်။ ခုနက မပေးဘူးလို့ ပြောတဲ့ဟာတွေလည်းရှိမှာပေါ့။ ဒါပေမယ့် အများစုကတော့ အစ်မမြို့နယ်မှာပဲ အစ်မရဲ့ လသာ မြို့နယ်မှာပဲ အစ်မကြည့်တယ် အဲ့လို ယောင်တဲ့လူက သိပ်မရှိတော့ဘူးလို့ တွေ့ရတယ်ပေါ့နော် မဲပေးတာက နည်း လိမ့်မယ်လို့ အစ်မကမထင်ဘူး”ဟု ပြောသည်။

NLD ပါတီ ခေါင်းဆောင်တွေကို တွေ့ရစဉ် 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲ ကျင်းပစဉ် မဲပေးသူ မည်မျှ အရေအတွက်ရှိမှ ရွေးကောက်ပွဲ အောင်မြင်အထမြောက်ကြောင်း သတ်မှတ်ချက် ပြဋ္ဌာန်းချက် မရှိသည့်အတွက် လူတစ်ဦး မဲပေးလျှင်လည်း အထ မြောက်ကြောင်း ကိုယ်စားလှယ်များက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ပူးပေါင်း ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG နှင့် PDF များက ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ပြည်သူလူထုသည် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကြီးကို ပြောင်းလဲရန်အတွက် ရွေးကောက်ပွဲက အရေးပါသော်လည်း တရားမျှတသည့် ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ဖြစ်မနေခြင်းနှင့် ရွေးကောက်ပွဲ လုံခြုံရေး အပေါ် စိုးရိမ်မှုများဖြစ်ကာ မဲပေးရေး မပေးရေးကို ဝေးဝါးနေကြသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။

အလားတူ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုရှိခြင်းနှင့် ရွေးကောက်ပွဲများမှာ မဲအများဆုံး အနိုင်ရလေ့ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP) တို့ မပါခြင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တစ်ဖက် သတ် အနိုင်ရရှိရေး ဖြစ်နေသော ရွေးကောက်ပွဲ အခင်းအကျင်းကြောင့် ပြည်သူလူထု အများစုက မဲပေးရန် စိတ်ဝင်စားမှု အားနည်းနေသည်။

တခြားတစ်ဖက်မှာတော့ ပြည်သူလူထု မဲပေးမှု အားနည်းလျှင် အလယ်အလတ်ရှိသော နိုင်ငံရေးပါတီများ အနိုင် ရရှိမှု အားနည်းသွားပြီး USDP က အပြတ်အသတ် အနိုင်ရကာ အစိုးရသစ်နှင့် လွှတ်တော်ပေါ်လာမည်ဆိုလျှင် အတိုက်အခံမရှိသည့် နိုင်ငံရေး အခင်းအကျင်းဖြစ်သွားနိုင်ကြောင်း၊ ထိုအခင်းအကျင်းဆိုလျှင် ပြည်သူလူထု မျှော်လင့်ထားသော နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာရန် မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။