CNI International News
ဝါရှင်တန်၊ မတ်လ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်မဝင်စားကြောင်း၊ အီရန်စစ်တပ်နှင့် အီရန်ခေါင်းဆောင်ပိုင်းများ အားလုံး အမြစ်ပြတ် ချေမှုန်းခံရသည့် အချိန်မှသာ အီရန်စစ်ပွဲ ပြီးဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မတ်လ ၈ ရက် အစောပိုင်းတွင် အမေရိကန်၏ မဟာမိတ် အစ္စရေးနိုင်ငံက အီရန်နိုင်ငံတစ်ဝန်းကို လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးကွက်ကို လှုပ်ခတ်စေခဲ့သော ထိုစစ်ပွဲသည် ယခုအခါ ဒုတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။
“တစ်ချိန်ချိန်မှာတော့ သူတို့ (အီရန်) ဘက်က အရှုံးပေးမယ်ဆိုတဲ့ စကားကို ပြောမယ့်သူတောင် ကျန်တော့မှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ၂၀၀၃ ခုနှစ် အီရတ် ကျူးကျော်စစ် နောက်ပိုင်း အကြီးမားဆုံး အမေရိကန်၏ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးဖြစ်သည့် Operation Epic Fury ကို လုပ်ဆောင်ရာတွင် အီရန်သည် အမေရိကန်အပေါ် ချက်ချင်း လက်ငင်း ကျရောက်လာတော့မည့် ခြိမ်းခြောက်မှု ဖြစ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
သို့သော် ထိုအကြောင်းပြချက်အတွက် ခိုင်လုံသော အထောက်အထားများကိုမူ ထရမ့်က ထုတ်ဖော်ပြသခြင်း မရှိသေးပေ။
ထို့ပြင် အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် အလွန်နီးကပ်နေပြီ ဖြစ်ကြောင်း လည်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ပွဲ၏ နောက်ပိုင်း အဆင့်များတွင် အီရန်၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်ရုံ များကို ထိန်းချုပ်နိုင်ရန်အတွက် အထူးတပ်ဖွဲ့များ စေလွှတ်ရန် ဆွေးနွေးနေကြောင်း သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အီရန်၏ နျူကလီးယား စခန်းများကို ထိန်းချုပ်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်နိုင်ခြေ ရှိ၊ မရှိ သတင်းထောက် များက မေးမြန်းချိန်တွင် ထရမ့်က ထိုအစီအစဉ်သည် နောက်ပိုင်းအဆင့်အများ၌ လုပ်ဆောင်ဖွယ်ရှိကြောင်း ဖြေကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံ အစိုးရများက ၎င်းတို့၏ နိုင်ငံများအတွင်း အီရန် က ဒုံးပျံများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
အထူးသဖြင့် ကူဝိတ်နိုင်ငံတွင် အစိုးရရုံး အဆောက်အအုံတစ်ခု၌ အီရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်သည့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
Source: ရိုက်တာ
