CNI International News
ဝါရှင်တန်၊ မေလ ၁၄
အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့် အနေဖြင့် ဆော်ဒီသည် အီရန်အား လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိသည့် တိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ကြောင်း အနောက်နိုင်ငံ အရာရှိနှစ်ဦးနှင့် အီရန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခင်က သတင်း ထုတ်ပြန်ထားခြင်း မရှိသည့် ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ၎င်း၏ အဓိက ဒေသတွင်း ပြိုင်ဘက်ဖြစ်သော အီရန်၏ နယ်မြေအတွင်းသို့ စစ်ရေးအရ တိုက်ခိုက်ခဲ့သည့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရာတွင် ပိုမိုရဲတင်း ပြတ်သားလာသည့် အချက်ကို ပြသနေသည်။
ဆော်ဒီလေတပ်က လုပ်ဆောင်ခဲ့သော ထိုတိုက်ခိုက်မှုများသည် မတ်လနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အနောက်နိုင်ငံအရာရှိနှစ်ဦးက ခန့်မှန်းပြောဆိုခဲ့သည်။
အရာရှိတစ်ဦးကမူ ဆော်ဒီကို အီရန်က တိုက်ခိုက်ခဲ့သည့် လုပ်ရပ်ကို တုံ့ပြန်သည့် အနေဖြင့် ဆော်ဒီက လက်တုံ့ ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသည့် တိကျသော ပစ်မှတ်များကို ရိုက်တာ သတင်းဌာန အနေဖြင့် အတည်မပြုနိုင်ခဲ့ပေ။
ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက တိုက်ရိုက် ဖြေကြားခြင်း မရှိခဲ့ပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။

ဆော်ဒီ တိုက်လေယာဉ် အုပ်စုကိုတွေ့ရစဉ်
အမေရိကန်နှင့် ခိုင်မာသော စစ်ရေး ဆက်ဆံရေးရှိသည့် ဆော်ဒီအာရေဗျသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် အတွက် အစဉ်အလာအရ အမေရိကန် စစ်တပ်အပေါ်တွင်သာ မှီခိုခဲ့ရသည်။
သို့သော် သီတင်း ၁၀ ပတ်ကြာ မြင့်ခဲ့ပြီဖြစ်သော စစ်ပွဲအတွင်း အမေရိကန်၏ စစ်ရေး အကာအကွယ်ကို အီရန်က ထိုးဖောက်ပြီး တိုက်ခိုက်ခဲ့သဖြင့် ဆော်ဒီ၏ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။
ယခု ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာခြင်းကို မီးမောင်းထိုးပြနေသလို အီရန်စစ်ပွဲ သည် လူသိရှင်ကြား ဝန်ခံထားခြင်း မရှိသည့် နည်းလမ်းများဖြင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ဂယက် ရိုက်ခတ်စေခဲ့သည့် အခြေအနေကိုလည်း ပြသရာ ရောက်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးကတည်းက အီရန်သည် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ခြောက်နိုင်ငံစလုံးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
ယူအေအီးကလည်း လက်တုံ့ပြန်သည့် အနေဖြင့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Wall Street Journal က မေလ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။
ဆော်ဒီနှင့် ယူအေအီးတို့၏ စစ်ရေးအရ တုံ့ပြန်မှုများသည် လူသိရှင်ကြား ဖုံးကွယ်ထားခဲ့သော ပဋိပက္ခ၏ အမှန်တရားကို ဖော်ထုတ် ပြသလိုက်ခြင်းလည်း ဖြစ်သည်။
Source: ရိုက်တာ
