CNI International News
ရီးယာဒ်၊ မတ်လ ၄
အီရန်သည် ဒေသတွင်းရှိ ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်နေချိန်တွင် မတ်လ ၃ ရက် အစောပိုင်းက ဆော်ဒီနိုင်ငံ၊ ရီးယာ့ဒ် (Riyadh) မြို့တော်ရှိ အမေရိကန်သံရုံးအား အီရန်ဒရုန်းနှစ်စင်းက တိုက်ခိုက်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် အမေရိကန်သံရုံးတွင် အသေးစား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကာ အမေရိကန်နိုင်ငံသားများကို သံရုံးခြံဝန်းနှင့် အနီးတစ်ဝိုက်ကို လာရောက်ခြင်း မပြုကြရန် သံရုံးက တိုက်တွန်းခဲ့သည်။
ကူဝိတ်နိုင်ငံရှိ အမေရိကန်သံရုံးတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကူဝိတ်ရှိသံရုံးကမူ နောက်ထပ် ကြေညာချက် မထုတ်ပြန်ခင် အချိန်အထိ သံရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ ကာတာနှင့် ဂျော်ဒန်နိုင်ငံများရှိ အရေးပေါ် တာဝန် မဟုတ်သည့် ဝန်ထမ်းများကို ကြိုတင်ပြင်ဆင်မှုအဖြစ် နေရာရွှေ့ပြောင်းကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက် (Baghdad) မြို့တော် တစ်ဝန်းတွင် ပေါက်ကွဲသံများဖြင့် ဆူညံနေပြီး မည်သည့် နေရာများ ထိမှန်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။

အီရန် အဓိပတိ အလီခါမေနီကို တွေ့ရစဉ်
လက်ဘနွန်တွင်လည်း အစ္စရေး၏ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကာ ဘေရွတ် (Beirut) မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သေဆုံးခဲ့ပြီးနောက် အီရန်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက် နေသဖြင့် စစ်ပွဲသည် ကာလကြာရှည် ဖြစ်ပွားမည့် အခြေအနေသို့ ဦးတည်နေသည်။
အီရန်၏ တိုက်ခိုက်မှုများအနက် ယူအေအီးနိုင်ငံရှိ Amazon ဒေတာစင်တာ ၂ ခု ထိမှန်ခဲ့ပြီး ကာတာနှင့် ဆော်ဒီရှိ စွမ်းအင်စက်ရုံများလည်း ထိမှန်ခဲ့သည်။
ထို့ပြင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်လိုက်ပြီဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးချုပ် အီဘရာဟင် ဂျက်ဘာရီ (Ebrahim Jabbari)က ပြောကြားခဲ့ပြီး ထိုရေလက်ကြားကို ဖြတ်သန်းမည့် မည်သည့် သင်္ဘောကိုမဆို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
Source: အေပီ
