CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က အိမ်နီးချင်း အီရန်နိုင်ငံရှိ ပဋိပက္ခကြောင့် ခရီးသွားလာမှု ပိတ်ပင်ထား လို့ ဒီလထဲ မက္ကဆီကိုနိုင်ငံမှာ ကစားရမယ့် အသင်းရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို တောင်းဆိုခဲ့ပါတယ်။
ဂရေဟမ်အာနိုးလ်က “လေဆိပ်ပိတ်ထားတဲ့ ဒီအဆင့်မှာ တခြားရွေးချယ်စရာ တစ်ခုကို ရှာဖွေဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော့် အမြင်အရတော့ ဖီဖာက ဒီပွဲကိုရွှေ့ဆိုင်းပေးရင် ကျနော်တို့ ကောင်းမွန်စွာ ပြင်ဆင်ဖို့ အချိန်ရပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ပလေးအော့ဖ်မှာ အနိုင်ရတဲ့အသင်းနဲ့ ကျနော်တို့ အမေရိကန်မှာ ကစား မယ်။ အနိုင်ရတဲ့သူက ဒီမှာဆက်နေပြီး ရှုံးတဲ့သူက အိမ်ပြန်ရမှာပါ။ ကျနော်တို့ရဲ့ အဖွဲ့ချုပ်ကလည်း ဒီအတွက် အလုပ်တွေ လုပ်နေတာကြောင့် ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံးချဖို့ လိုအပ်ကြောင်း” AAP ကို ပြောခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ခရီးသွားလာမှု ပိတ်ပင်ထားတဲ့အတွက် အီရတ်အသင်းဟာ မက္ကဆီကိုနိုင်ငံထံ လာရောက်ပြီး ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲ မကစားနိုင်မှာကို စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။
၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ အီရတ် အသင်း ဟာ ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲ ကစားရမှာပါ။

အီရတ်အသင်းကို တွေ့ရစဉ်
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အီရတ်အသင်းဟာ လက်ရှိအချိန်မှာ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာတာကြောင့် ဒီပွဲအတွက် ပြင်ဆင် ဖို့ ခက်ခဲမှုတွေ ရှိနေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ အီရတ်အသင်းနည်းပြရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီး တုန့်ပြန်မှု မရှိသေးပါဘူး။
အီရတ်အသင်းဟာ နိုင်ငံအပြင်ဘက်မှာ အခြေစိုက်တဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ကမ္ဘာ့ဖလား မျှော်လင့်ချက် နည်းပါးနိုင်မယ်လို့ နည်းပြ ဂရေဟမ်အာနိုးလ်က ပြောခဲ့ပါတယ်။
ဂရေဟမ်အာနိုးလ်ဟာ ပထမဦးစားပေး အသင်းလူစာရင်းရဲ့ ၆၀ ရာခိုင်နှုန်းကို အီရတ် ပြည်တွင်းလိဂ်ကနေ ရွေးချယ်ထားပေမယ့် သူတို့တွေဟာ နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။
Source: CNA
