CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
အေစီမီလန်အသင်းဟာ အင်တာမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စီးရီးအေမီလန်ဒါဘီ ၂ ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။
အက်စ်တူပီနန်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အေစီမီလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အင်တာမီလန်အသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး အခုဆိုရင် ၇ မှတ်သာ ကွာဟတော့တာပါ။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အေစီမီလန်အသင်းကို အရေးနိမ့်ပြီးကတည်းက စီးရီးအေပြိုင်ပွဲ မှာ ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အေစီမီလန်အသင်းနဲ့ ပြန်အတွေ့မှာ အင်တာမီလန်အသင်းရဲ့ မှတ်တမ်းကောင်းဟာ ရပ်တန့်သွား ခဲ့တာပါ။
အေစီမီလန်အသင်းနည်းပြ အယ်လီဂရီက အင်တာမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်း စားနေဆဲလို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အေစီမီလန်နဲ့ အင်တာမီလန် ယှဉ်ပြိုင်နေစဉ်
အယ်လီဂရီက “ဒီ ၃ မှတ်က ကျနော်တို့ကို စိတ်ဓာတ် ခွန်အားတွေပေးပြီး အောင်ပွဲတွေဆီ ပြန်ခေါ်ဆောင်လာ ပေးပါတယ်။ အင်တာမီလန်က ထိုက်တန်တဲ့အတွက် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ သူတို့ဟာ လိဂ်မှာ ထိုက်တန်တဲ့ အမှတ်တွေ ရခဲ့ကြပြီး အမှတ်ပေးဇယားက အသင်းတွေရဲ့ အခြေအနေကို ထင်ဟပ်စေပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ပျော်ရွှင်ပေမယ့် လာမယ့်ပွဲကိုအာရုံစိုက်ရမယ်”လို့ ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရခဲ့သလို ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ကနေလည်း ထွက်ခွာထားရလို့ စီးရီးအေပြိုင်ပွဲ တစ်ခုတည်းကိုသာ အာရုံစိုက်နေရတာပါ။
စီးရီးအေ ၂ ပွဲဆက် ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့်ပွဲအဖြစ် လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
