CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၅

အင်တာမီလန်အသင်းဟာ ဂျီနိုအာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် အဆင့် ၂ နေရာက ဂျူဗင်တပ်စ် အသင်းကို ၁၅ မှတ်အထိဖြတ်ကာ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

အင်တာမီလန် အသင်းအတွက် ဂိုးတွေကို အက်စ်လာနီနဲ့ ဆန်းချက်ဇ်တို့က သွင်းယူခဲ့ပြီး ဂျီနိုအာအသင်းအတွက် ချေပဂိုးကို ဗက်စ်ကွက်ဇ်က သွင်းယူခဲ့တာပါ။ 

အင်တာမီလန်အသင်းဟာ ဂျီနိုအာအသင်းကို အနိုင်ရပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ ၉ ပွဲ ဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂၇ ပွဲ ကစားအပြီးမှာ ၂၃ ပွဲအထိ အနိုင်ရထားကာ ၁ ပွဲသာ ရှုံးပွဲကြုံတွေ့ထားတာပါ။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဆက်ဆူအိုလိုအသင်းကို အရေးနိမ့်ပြီးကတည်းက စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမကြုံတွေ့ထားသလို ဒီဇင်ဘာလက ဂျီနိုအာအသင်းနဲ့ သရေကျပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ အမှတ်လျော့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ 

 အင်တာမီလန်အသင်းကို တွေ့ရစဉ်

ဒီပွဲဟာ အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီအတွက် နည်းပြဘဝ စီးရီးအေပွဲပေါင်း ၃၀၀ ပြည့်ခဲ့တာဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

အင်တာမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရမှတ် ၇၂ မှတ် ရယူထားနိုင်တာက ပြီးခဲ့တဲ့တစ်ရာသီလုံး ရယူနိုင်ခဲ့တဲ့ ရမှတ်နဲ့ တူညီသွားခဲ့ပါတယ်။

အင်ဇာဂီက “ကျနော်တို့ဟာ ဒီပုံစံအတိုင်း ဆက်လုပ်ရမှာဖြစ်သလို အခုအလုပ်လုပ်နေတဲ့ အတိုင်း ကြိုးစားရမှာပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ ကစားသမားတွေ သိပါတယ်။ စီးရီးအေပွဲစဉ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေ သေးတဲ့အတွက် ၃၃ မှတ်အထိ ရယူဖို့ ရှိပါသေးတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ ဘယ်လိုအရာကိုမှ လက်လွှတ် လို့ မရပါဘူး။ ကျနော်ဟာ အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားရလို့ ကံကောင်းပါ တယ်။ ကျနော်တို့ဟာ အနောက်ကို ပြန်လှည့်ကြည့်မှာ မဟုတ်ဘဲ အနာဂတ်ကို ဆက်သွားရမယ်”လို့ ပြောကြား ခဲ့ပါတယ်။

ဂျီနိုအာအသင်းဟာ ဒီရှုံးပွဲကြောင့် စီးရီးအေ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ 

အင်တာမီလန်အသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေရရှိနေတဲ့ ဘိုလော့ဂ်နာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC