CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၅

အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ အနေအထားကို ပြန်ရောက်လာပြီးနောက် ဒီအရှိန်အဟုန်ကို ဆက်ထိန်းရမယ်လို့ နည်းပြ အာတီတာ က ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ သွင်းယူခဲ့တဲ့ ဂိုးပမာဏ၊ ဂိုးမပေးရတာနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကြီးမား တဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ အသင်းက ဒီထက်ပိုလိုချင်တဲ့ လက္ခဏာတွေပြခဲ့ပြီး ဒါက အလွန်အပြုသဘော ဆောင်ပါတယ်။ ဒီအခိုက်အတန့်မှာ စွမ်းအင်တွေကလည်း ကောင်းမွန်ခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ အနိုင်ရတဲ့အချိန် မှာ အရာအားလုံးက လွယ်ကူနေပြီး အခုကျနော်တို့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းရမယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ပထမပိုင်း မှာကတည်းက ၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ် အသင်းအတွက် ဂိုးတွေကို အိုဒီဂတ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ ဒီကလန်ရိုက်စ်၊ ဘန်ဝှိုက်နဲ့ ရှက်ဖီးကစားသမား ဘိုဂလီက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရပြီးနောက်၂၀၂၄ ခုနှစ်ထဲမှာ ကစားထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲစလုံး နိုင်ပွဲရယူနိုင်တဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းကို တွေ့ရစဉ်

ဒါအပြင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်း ၃ ပွဲဆက်တိုက် ၅ ဂိုးနဲ့အထက် သွင်းယူ နိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ သွင်းဂိုး အများအပြား သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးကွာခြားမှု အပိုင်းမှာလည်း + ၄၅ နဲ့ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့ကို အသာရရှိထားတာပါ။ 

အာဆင်နယ်အသင်း ခေါင်းဆောင် အိုဒီဂတ်က တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကောင်းမှုကြောင့် နိုင်ပွဲရရှိခဲ့တာ ဖြစ်ပြီး ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရလို့ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့ပေမယ့် အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ ဒဏ်ရာ ရရှိသွားခဲ့တာက အသင်းအတွက် စိုးရိမ်စရာရှိခဲ့တာပါ။ 

ဒါပေမယ့် နည်းပြ အာတီတာက ဆာကာဟာ အနည်းငယ် ဖျားနာနေတာကြောင့် လူစားလဲခဲ့တာဖြစ်ပြီး မာတင်နယ်လီကတော့ ခြေထောက်မှာ အနည်းငယ် ပြတ်ရှတဲ့ဒဏ်ရာ ရရှိသွားခဲ့လို့ စောင့်ကြည့်ရဦးမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ရှက်ဖီးယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲစလုံး အရေးနိမ့်ခဲ့ပြီး ပေးဂိုးက ၂၁ ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။

ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် အထက်က နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၁၁ မှတ်အထိကွာဟနေတာ ဖြစ်ပါတယ်။

Source: ESPN