CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၄

ပရီးမီးယားလိဂ် ကလပ်အသင်း ၄ သင်းဟာ ဂါလာတာစာရေးအသင်း တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ စောင့်ကြည့်နေတာကြောင့် ကစားသမားဟာ တူရကီမှာ တစ်ရာသီကြာသာ ကစားပြီးနောက် အင်္ဂလန်နိုင်ငံကို ပြန်လာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ဇာဟာဟာ ပဲလေ့စ်အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ခဲ့ပြီး နွေရာသီက တူရကီကလပ် ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

ဒါပေမယ့် ဂျာနယ်လစ် အီခရန်က ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဝုလ်ဗ်စ် အသင်းတို့ဟာ ဇာဟာရဲ့အခြေအနေကို စောင့်ကြည့်နေပြီး နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိတယ်လို့ ပြောထားခဲ့ပါတယ်။ 

ဇာဟာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ချဉ်းကပ်မှု ခံခဲ့ရတာပါ။

ဇာဟာကို တွေ့ရစဉ်

ဒါပေမယ့် ဇာဟာက သူဟာ တူရကီမှာ အနည်းဆုံး တစ်ရာသီရှိချင်တာကြောင့် ထွက်ခွာဖို့ငြင်းဆန်ခဲ့ပြီး ဂါလာတာစာရေးအသင်းမှာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဇာဟာဟာ ဂါလာတာစာရေးအသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူ ကာ ၅ ဂိုး ဖန်တီးထားတာပါ။ 

ဇာဟာဟာ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ပထမအကြိမ်ကစားခဲ့ပြီး ၂၀၁၄ ကနေ ၂၀၂၃ ခုနှစ်အထိ ဒုတိယအကြိမ်ကစားကာ စုစုပေါင်း ပွဲအရေအတွက် ၄၅၈ ပွဲအထိ ကစားခဲ့တာ ဖြစ်ပါတယ်။

ဇာဟာဟာ ယူနိုက်တက်အသင်းမှာ ၄ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ကာဒစ်ဖ်အသင်းမှာလည်း အငှားနဲ့ ၁၃ ပွဲ ပါဝင် ကစားထားခဲ့တာပါ။

ဂါလာတာစာရေးအသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်နေပြီး ဒုတိယနေရာက ဖီနာဘာချီအသင်းကို ၂ မှတ် အသာရထားတာ ဖြစ်ပါတယ်။

ဂါလာတာစာရေးအသင်းဟာ လာမယ့် တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ရီဇီစပေါ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Source: Goal