CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၅

အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာက အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီနဲ့ အတူတွဲပြီး ထပ်ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။

နေမာက “ကျနော်တို့နှစ်ဦး အတူတွဲပြီး ထပ်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ လီယိုဟာ အလွန်တော်တဲ့ သူတစ်ဦးပါ။ ဘောလုံးနဲ့ ပတ်သက်တဲ့သူတိုင်း သူ့ကိုသိကြပြီး သူအခု ပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။ သူပျော်ရွှင်ရင် ကျနော် လည်း ပျော်ရွှင်တယ်”လို့ မက်ဆီနဲ့အတူတွဲပြီး ကစားချင်သေးလားလို့ မေးမြန်းခဲ့တဲ့ ESPN Argentina ကို ပြောခဲ့ တာပါ။

မက်ဆီနဲ့ နေမာတို့ဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေမှာ အတူတွဲကစားခဲ့ကြပြီး သူငယ်ချင်းကောင်းတွေ အဖြစ် ရှိခဲ့ကြတာဖြစ်ပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ ဘာစီလိုနာအသင်း ဖော်ဟောင်းတွေဖြစ်တဲ့ ဘတ်စ်ကွက်စ်၊ အယ်လ်ဘာနဲ့ ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ်ကလပ်ထံ ပြောင်းရွှေ့လာခဲ့ တာပါ။ 

အဲဒါကြောင့် နေမာလည်း အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

နေမာကိုတွေ့ရစဉ်

နေမာဟာ လက်ရှိအချိန်မှာ ဒူးခွဲစိတ်မှုကြောင့် ဘောလုံးကစားနိုင်ခြင်း မရှိသေးဘဲ သြဂုတ်နောက်ပိုင်းမှ ပြန်ကစား နိုင်ဖွယ်ရှိနေတာပါ။ 

နေမာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ ဆုဖလားအောင်မြင်မှု အများကြီး ရယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းမရှိလို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ၊ ဝေဖန်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။ 

နေမာကတော့ သူနဲ့ မက်ဆီတို့ဟာ ပီအက်စ်ဂျီအသင်းမှာ အတူရှိနေချိန် ငရဲကို ဖြတ်သန်းခဲ့ရတယ်လို့ ပြောထားခဲ့ တာပါ။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ကစားချိန်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မေဂျာလိဂ်ကို လာရောက်ကစားဖို့ စိတ်ဝင်စားတယ်လို့ ပြောထားခဲ့ဖူးပါတယ်။ 

အဲဒါကြောင့် နေမာသာ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ရင် မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ရဲ့ MSN အတွဲ အဖက်ကို မေဂျာလိဂ်ကလပ်မှာ ပြန်အသက်သွင်းလို့ရမှာဖြစ်ပါတယ်။

Source: ESPN