CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

စီးရီးအေအမှုဆောင်ချုပ် ဆီရာဗိုက လိဂ်ပွဲစဉ်တွေကို ပြည်ပထွက်ပြီးကစားမယ့် အစီအစဉ်ကို ဝေဖန်ခဲ့တဲ့ အေစီမီလန်အသင်း ကွင်းလယ်လူ ရာဘီယော့အနေနဲ့ သူ့ရဲ့အလုပ်ရှင်ကို လေးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။ 

ဆီရာဗိုက “သူပြောတာမှန်ပေမယ့် ရာဘီယော့ဟာ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ဖို့ ဘောလုံးကစားဖို့အတွက် ငွေကြေး သန်းပေါင်းများစွာရရှိတဲ့ ဘောလုံးသမားတွေလိုပဲ သူမေ့သွားပါတယ်။ ဒီပွဲကို နိုင်ငံရပ်ခြားမှာ ကစားဖို့ လက်ခံပြီး တွန်းအားပေးတဲ့ သူ့ရဲ့အေစီမီလန် အလုပ်ရှင်ဆန္ဒကို လိုက်လျောပြီး သူရရှိတဲ့ငွေကို လေးစားမှုရှိသင့် တယ်”လို့ ရာဘီယော့ရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ 

အေစီမီလန်အသင်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီမှာ ကိုမိုအသင်းနဲ့ စီးရီးအေပွဲစဉ်ကို သြစတြေးလျနိုင်ငံ၊ ပါ့ချ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဒီပွဲမတိုင်မီ ဒီဇင်ဘာထဲမှာ ဘာစီလိုနာနဲ့ ဗီလာရီးရယ်လ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို မိုင်ယာမီမှာ ကျင်းပ သွားမှာပါ။

ရာဘီယော့ကို တွေ့ရစဉ်

အေစီမီလန်အသင်း ကွင်းလယ်လူ ရာဘီယော့က လိဂ်ပွဲစဉ်တွေကို ပြည်ပမှာ ကစားစေမယ့် အစီအစဉ်ဟာ လုံးဝ ရူးသွပ်ပြီး အဓိပ္ပါယ်မရှိဘူးလို့ ဝေဖန်ခဲ့ပေမယ့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာပဲလို့ ပြင်သစ်သတင်းစာ Le Figaro ကို ပြောခဲ့ပါတယ်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ဥရောပလိဂ်ပွဲစဉ် ၂ ပွဲကို ပြည်ပမှာကစားဖို့ ခွင့်ပြုချက် ပေးခဲ့ပေမယ့် ပြည်တွင်းလိဂ် ပွဲစဉ်တွေကို ပြည်ပမှာကစားမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ 

စီးရီးအေ အမှုဆောင်ချုပ် ဆီရာဗိုက ဒီပွဲဟာ ဆက်ပြီး ကြီးထွားနေမယ်ဆိုရင် ဘောလုံးအနေနဲ့ အခြားအားကစား နည်းတွေရဲ့စံနမူနာအတိုင်း လိုက်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ်မာစတာကတော့ အင်္ဂလန်ထိပ်တန်းလိဂ် ပွဲစဉ်တွေကို ပြည်ပမှာကျင်းပဖို့ အစီအစဉ်မရှိကြောင်း ပြီးခဲ့တဲ့သြဂုတ်က ပြောခဲ့တာဖြစ်ပါတယ်။

Source:CNA