CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း အိုရီဂီဟာ အေစီမီလန်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီဖြစ်လို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းတစ်သင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခွင့် ရသွားခဲ့ပါတယ်။
အေစီမီလန်အသင်းအတွက် မကစားတာ ၂ နှစ်ခွဲ ကြာမြင့်ပြီဖြစ်တဲ့ အိုရီဂီဟာ အသင်းရဲ့ သမိုင်းမှာ အဆိုးရွား ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရတာပါ။
အိုရီဂီနဲ့ အေစီမီလန်အသင်းတို့ စာချုပ် ဖျက်သိမ်းခဲ့ပြီဆိုတဲ့ သတင်းကို Sky Sport Italia နဲ့ La Gazzetta dello Sport အပါအဝင် သတင်းအများအပြားက ဖော်ပြခဲ့ကြပါတယ်။
အိုရီဂီဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ် ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်နွေရာသီမှာ အေစီမီလန်အသင်းထံ ရောက်လာခဲ့ပေမယ့် အခွင့်အရေးရမှု နည်းပါးခဲ့ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အေစီမီလန်အသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း ၃၆ ပွဲပါဝင်ကစားကာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၂၃-၂၄ ရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းထံ အငှားသွားရောက် ကစားခဲ့ပါတယ်။

အိုရီဂီကို တွေ့ရစဉ်
အိုရီဂီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေစီမီလန်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ဘဲ လူငယ်အသင်းထံ ပို့ဆောင်ခံခဲ့ရပါတယ်။
သတင်းတွေအရ အိုရီဂီဟာ မီလန်ဖူတူရိုအသင်းနဲ့ လေ့ကျင့်ခန်း မပြုလုပ်ဘဲ နည်းပြတစ်ဦးနဲ့ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်ကနေ ထွက်ခွာပြီးနောက်မှာ ကစားသမားဘဝ ကျဆင်းသွားခဲ့တဲ့ အိုရီဂီဟာ အခုအချိန်မှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ အိုရီဂီဟာ အသင်းတိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းထံ ကာလတိုစာချုပ်နဲ့ ပြန်ရောက်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
Source: Goal
