CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး လိဂ်ဖလားဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပေမယ့် နည်းပြအာတီတာက ပွဲကိုစောစီးစွာအဆုံးမသတ်နိုင်ခဲ့တဲ့အပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။
အာတီတာက “ကျနော်တို့ဟာ ရလဒ်ကို ပြတ်သားအောင်လုပ်ရမှာဖြစ်ပေမယ့် သူတို့မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုမလုပ်နိုင်တဲ့အချိန်မှာ အသင်းတွေဟာ တည်ကန်ဘောတွေကနေ နာကျင်အောင်လုပ်နိုင်ပါတယ်။ ချေပဂိုးပေးခဲ့ရတာကို လက်ခံဖို့ခက်ခဲပေမယ့် ကျနော်တို့အေးဆေးတည်ငြိမ်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အကောင်းဆုံးအရည်အသွေးတွေကို ပြသခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးအများအပြားရခဲ့ပေမယ့် မိနစ် ၈၀ မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူ လက်ခရိုက်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဦးဆောင်ဂိုးရခဲ့ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဂူဟီက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး လက်ခရိုက်စ်ရဲ့ ကန်သွင်းမှုကို အာဆင်နယ်အသင်းဂိုးသမားကယ်ပါ ကာကွယ်နိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းက ၈ ဂိုး-၇ ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဖလားဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေရရှိနေပြီး ဆုဖလားတွေရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေတာပါ။
အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
