CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
မန်စီးတီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘုန်းမောက်အသင်းတိုက်စစ်ကစားသမား ဆီမန်ညိုကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်ပြီး ပြုလုပ်နေပါတယ်။
မန်စီးတီးအသင်းဟာ မကြာသေးမီရက်တွေအတွင်း ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့တိုးတက်မှုတွေရခဲ့ပြီး ဆီမန်ညိုကို ခေါ်ယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်၊လီဗာပူးလ်၊ချယ်လ်ဆီး၊စပါးနဲ့ ယူနိုက်တက်အသင်းတို့ကလည်း ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူလို့ရမယ့် ဆီမန်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ဒါပေမယ့် ဆီမန်ညိုဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ဦးစားပေးသတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို စိတ်ဝင်စားမှုအေးစက်သွားခဲ့ပြီး ချယ်လ်ဆီးအသင်းက ဒီပြိုင်ဆိုင်မှုကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆီမန်ညိုကို တွေ့ရစဉ်
ဆီမန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ ပထမဆုံး ၁၀ ရက်အတွက်သာ အကျုံးဝင်တာကြောင့် မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့အမြန်ဆုံး အပြီးသတ်နိုင်ဖို့လုပ်ဆောင်နေတာပါ။
ဘုန်းမောက်အသင်းနည်းပြအီရာအိုလာက သူတို့ဟာ ဆီမန်ညိုကို မဆုံးရှုံးချင်ပေမယ့် ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေရှိတဲ့အတွက် အပြောင်းအရွှေ့ဖွင့်ချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ဆီမန်ညိုဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘုန်းမောက်အသင်းအတွက် ၁၆ ပွဲကစားထားပြီး ၈ ဂိုးသွင်းယူကာ အကောင်းဆုံးပုံစံကို ပြသထားတာပါ။
၂၀၂၃ ခုနှစ်၊ဇန်နဝါရီမှာ ဘရစ္စတိုးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ ဘုန်းမောက်အသင်းအတွက် ၁၀၆ ပွဲကစားထားပြီး ဂိုး ၃၀ သွင်းယူထားတာဖြစ်ပါတယ်။
