CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ ရီးရယ်လ်အသင်းကနေ ပြင်သစ်ကလပ် လိုင်ယွန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဒီရာသီ နည်းပြ ဇာဘီအလွန်ဆို လက်ထက်မှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန် နေရတာကြောင့် အငှားနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာ ပါလ်မီးရပ်စ်အသင်းကနေ ၆ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အန်းဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ အန်းဒရစ်အတွက် ရီးရယ်လ်အသင်းကို အငှားခေါ်ယူခ ယူရို ၁ သန်းပေးခဲ့ရပါတယ်။
ဒါ့ပြင် လိုင်ယွန်အသင်းဟာ အန်းဒရစ်ကို လုံလောက်တဲ့ပွဲ ကစားခွင့်ပေးဖို့ အာမခံခဲ့သလို သူ့ရဲ့ လုပ်ခလစာ အစိတ်အပိုင်းကို ပေးသွားမှာလည်း ဖြစ်ပါတယ်။

အန်းဒရစ်ကို တွေ့ရစဉ်
အန်းဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားချင်တာကြောင့် လိုင်ယွန် အသင်းမှာ သူ့ရဲ့ ခြေစွမ်းကို သက်သေပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်ချင်ရင် ပုံမှန် ကစားခွင့်ရဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၁၄ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားတဲ့ အန်းဒရစ်ဟာ ဘရာဇီးလ်အသင်းရဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
ဘရာဇီးလ်အသင်းဟာ မတ်လမှာ ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို၊ စကော့တလန်၊ ဟေတီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: CNA
