CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ ရီးရယ်လ်အသင်းကနေ လိုင်ယွန်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ မပြောင်းရွှေ့မီ နည်းပြဟောင်း အန်ဆယ်လော့တီဆီကနေ အကြံဉာဏ် ရယူခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အန်းဒရစ်က “ကျနော် ကာလိုနဲ့ အပြောင်းအရွှေ့အတွက် စကားပြောခဲ့ပါတယ်။ ကျနော် ဘာလုပ်ရမလဲ၊ တိုးတက် အောင်လုပ်ဖို့ ဘာတွေ လိုအပ်လဲဆိုတာ သူက ကျနော့်ကို ညွှန်ကြားမှုတွေ ပေးခဲ့ပါတယ်။ ဒါက ကျနော့်ကို အလွန် ထိမိခဲ့ပါတယ်။ သူ့ရဲ့ အကြံဉာဏ်ကတော့ ရီးရယ်လ်ကနေ ထွက်ခွာဖို့၊ ကစားခွင့်ရမယ့် နေရာနဲ့ ကျနော် ပျော်ရွှင် တဲ့ နေရာကို သွားဖို့ ပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ကျနော့်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် သူကလည်း အခန်း ကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ခဲ့တယ်”လို့ လိုင်ယွန်အသင်း ကစားသမားအဖြစ် မိတ်ဆက်ချိန်မှာ ပြောခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ရီးရယ်လ်အသင်း အတွက် ပွဲကစားခွင့် ရခဲ့ပေမယ့် ဒီရာသီနည်းပြ ဇာဘီအလွန်ဆို လက်ထက်မှာတော့ ပွဲကစားချိန် နည်းပါးခဲ့တာပါ။
အန်းဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၃ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

အန်းဒရစ်ကို တွေ့ရစဉ်
ဘရာဇီးလ် ကြယ်ပွင့်ကတော့ သူဟာ ပွဲကစားချိန် နည်းပါးမှုအတွက် ခါးသီးမှု ခံစားရမယ့်အစား အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အန်းဒရစ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့မီ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းမှာ ကစားခဲ့ချိန်က ပေါ်တူဂီလူမျိုးနည်းပြ ဖာရဲရားလက်အောက် ကစားခဲ့ရတာပါ။
အခုလိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာကလည်း ပေါ်တူဂီလူမျိုးနည်းပြ ဖြစ်တဲ့အတွက် အန်းဒရစ်က ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အရာဖြစ်ပြီး သူတို့လုပ်ဆောင်တဲ့ အရာကို သိတာကြောင့် အပေါင်းလက္ခဏာ ဆောင်တယ် လို့ ပြောခဲ့ပါတယ်။
အန်းဒရစ်ဟာ လိုင်ယွန်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ် အသင်း လူစာရင်းမှာ ပါဝင်ကာ နည်းပြအန်ဆယ်လော့တီနဲ့ ပြန်ပြီးလက်တွဲနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
