CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅

ဘရာဇီးလ်ကြယ်ပွင့် အန်းဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်း လူစာရင်းမှာ ပါဝင်ချင် တာကြောင့် ရီးရယ်လ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

ရီးရယ်လ်အသင်းဟာ ဘတ်ပီကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုတာကြောင့် အသက် ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ တစ်ပွဲမှ ပွဲထွက်လူစာရင်း ပါဝင်ခွင့် မရရှိသေးတာပါ။ 

အန်းဒရစ်ဟာ ပွဲကစားချိန် နည်းပါးမှုကြောင့် ဒီလထဲယှဉ်ပြိုင်နေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် ဘရာဇီးလ်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ 

ဒါပေမယ့် နေမာရဲ့ ဒဏ်ရာကြောင့် အန်းဒရစ်ဟာ ဘရာဇီးလ်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။

အန်းဒရစ်ဟာ ပါလ်မီးရက်စ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ရီးရယ်လ်အသင်းအတွက် ၂၈ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူထားပေမယ့် လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်နေရတာ ဖြစ်ပါတယ်။ 

အန်းဒရစ်ကို တွေ့ရစဉ်

အဲဒါကြောင့် အန်းဒရစ်ဟာ ဘရာဇီးလ်ဂန္ထဝင် ရိုမာရီယိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့အကြောင်း အရိပ်အမြွက်ပြောခဲ့တာပါ။

အန်းဒရစ်က “အမှန်အတိုင်း ပြောရရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရမှာကို ကြောက်ရွံ့မိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့က ကျနော့်ရဲ့ အိပ်မက်ပါ။ ဒီပြိုင်ပွဲမှာ ပါဝင်ကစားပြီး ဘရာဇီးလ်အသင်း ကို ၆ ကြိမ်မြောက် ဆုဖလားရရှိအောင် ကူညီပေးချင်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံးကလပ်မှာ အကြီးမားဆုံး ကစားသမားတွေနဲ့ ရှိနေရတာက ခက်ခဲပါတယ်။ ခင်ဗျားဟာ ဒီအသင်းမှာ အမြဲတမ်းကစားဖို့ အခွင့်အရေး မရနိုင်ဘူး”လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက် အန်းဒရစ် အပါအဝင် လူငယ်ကစားသမားအချို့ကို စိတ်ရှည်ဖို့ပြောထားတာပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ ဘရာဇီးလ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အန်းဒရစ်ဟာ ၁၃ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ 

Source: Dailymail