CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရီးရယ်လ်အသင်းကနေ အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ မက်ဇ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လိုင်ယွန်အသင်းအတွက် ဟက်ထရစ် သွင်းပြီးနောက် ဒါက အစပဲရှိသေးတယ်လို့ ပြောခဲ့ပါ တယ်။ 

အန်းဒရစ်က “ဒါက ကျနော့်ဘဝရဲ့ ပထမဆုံး ဟက်ထရစ်ဖြစ်ပြီး ကျနော် အလွန်ပျော်ပါတယ်။ ဒီဘောလုံးကို ကျနော် ထိန်းသိမ်းထားမှာဖြစ်ပြီး ကျနော့်ဘဝရဲ့ မယုံနိုင်စရာနေ့ တစ်နေ့ပါပဲ။ လီဂူး-၁ မှာ ကစားရတာက အလွန် ကောင်းပြီး လိုင်ယွန်အသင်းထံ ရောက်လာတာက အမှားမဟုတ်ပါဘူး။ ဘဝက ဒီလိုပဲဖြစ်ပြီး ကျနော့်ဘဝက အမြဲတမ်း ခက်ခဲခဲ့ပါတယ်။ ကျနော့် ပတ်ဝန်းကျင်က လူတွေဆီကနေ ရတဲ့ခွန်အားတွေကြောင့် သန်မာနေတာ ဖြစ်ပြီး ဒါက အစပဲရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။ 

အန်းဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ပွဲကစားချိန် မိနစ်တွေရဖို့ အလွန်ခက်ခဲခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ လိုင်ယွန်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့လာခဲ့တာပါ။

အန်းဒရစ်ဟာ လိုင်ယွန်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားရသေးပေမယ့် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

အန်းဒရစ်ကိုတွေ့ရစဉ်

လိုင်ယွန်အသင်းထံ မပြောင်းရွှေ့မီမှာ ဘရာဇီးလ်အသင်း နည်းပြ အန်ဆယ်လော့တီဆီကနေ အကြံရယူခဲ့တဲ့ အန်းဒရစ်က ဒီအသင်းမှာ ရှိနေရတာဟာ အလွန်ကံကောင်းတယ်လို့ ခံစားနေရပါတယ်။ 

အန်းဒရစ်ဟာ လိုင်ယွန်အသင်းမှာ ပြသနေတဲ့ လက်ရှိပုံစံကို ဆက်ထိန်းနိုင်ရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေပါတယ်။ 

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ကစားသမားတွေ အနေနဲ့ ကမ္ဘာ့ဖလား လူစာရင်းထဲ ပါဝင်ချင်ရင် ပုံမှန်ကစားခွင့် ရဖို့လိုသလို ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ လိုတယ်လို့ ပြောထားပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဘရာဇီးလ်အသင်းအတွက် ၁၄ ပွဲ ကစားပြီး ၃ ဂိုးသွင်းယူထားကာ ၂၀၂၅ ခုနှစ်ထဲမှာ ၁ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ 

Source: ESPN