CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ဆွီဒင်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ သားဖြစ်သူ မက်ဆီမီလီယန်ဟာ အေစီမီလန်အသင်း ကနေ ဒတ်ချ်ကလပ် အေဂျက်စ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
မက်ဆီမီလီယန်ဟာ အေဂျက်စ်အသင်းမှာ ၃ ရာသီကြာ ကစားပြီး ဆုဖလား ၄ ခု ရယူနိုင်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး ဒတ်ချ်ကလပ်ထံ ပြောင်းရွှေ့လာခဲ့တာပါ။
အေဂျက်စ်အသင်းဟာ ရာသီကုန်ချိန်မှာ ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတဲ့ မက်ဆီမီလီယန်ကို ယူ-၂၃ အသင်းနဲ့ အသင်းကြီးအကြားမှာ ခွဲဝေပြီး အသုံးပြုသွားဖို့ ရှိနေပါတယ်။
မက်ဆီမီလီယန်ဟာ ၂၀၂၂ ခုနှစ်မှာ အေစီမီလန်အသင်း အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ဒုတိယအသင်းဖြစ်တဲ့ စီးရီးဒီရှိ မီလန်ဖူတူရိုအသင်းမှာ ကစားခဲ့ပါတယ်။
မက်ဆီမီလီယန်ဟာ နာပိုလီအသင်းကို အရေးနိမ့်ခဲ့တဲ့ အီတလီ စူပါဖလားပွဲစဉ်မှာ အေစီမီလန်အသင်းကြီး လူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပေမယ့် ပါဝင်ကစားခဲ့ရခြင်းတော့ မရှိပါဘူး။

မက်ဆီမီလီယန်ကို တွေ့ရစဉ်
အေဂျက်စ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ မက်ဆီမီလီယန်က သူဟာ ကိုယ်ပိုင်ဇာတ်လမ်းကို ရေးချင်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီမီလီယန်က “ကျနော့် အတွက်တော့ အဖေ့ရဲ့ခြေရာကို လိုက်နင်းနေတယ်ဆိုပြီး မခံစားရပါဘူး။ ကျနော် ဟာ ဒီနေရာကို ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ ရောက်လာတာဖြစ်ပြီး ကိုယ်ပိုင်ဇာတ်လမ်းကိုပဲ ရေးချင်ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် အဖေက ကျနော့်ကို ဝမ်းသာနေတယ်လို့ ထင်ပါတယ်။ အီဘရာဟီမိုဗစ်ဆိုတာ နာမည် တစ်ခုဖြစ်ပြီး ကျနော်က မက်ဆီမီလီယန်ပါ။ ကျနော်တို့ နှစ်ဦးစလုံးဟာ အလွန်ကွာခြားပါတယ်”လို့ ပြောခဲ့တာပါ။
နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၅ ပွဲမှာ ၄ ပွဲ အနိုင်ရပြီး ၁ ပွဲ သရေကျခဲ့တဲ့ အေဂျက်စ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal
