CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

အေစီမီလန် အသင်းနည်းပြ ပိုင်အိုလီက သူ့ရဲ့ စီးရီးအေ ချန်ပီယံဆုတံဆိပ်ဟာ ကွင်းအတွင်းကို ပရိသတ်တွေ ဝင်ရောက် လာချိန်မှာ ခိုးယူ ခံလိုက်ရတယ်လို့ ပြောလိုက်ပါတယ်။

အေစီမီလန် အသင်းဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ဆက်ဆူအိုလို အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရပြီး စီးရီးအေ ချန်ပီယံ ဆုကို ၁၁ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည် ရယူနိုင်ခဲ့တာပါ။

ဒီအချိန်မှာ ပရိသတ်အများအပြားက ကွင်းအတွင်းကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီလို ကွင်းထဲ ပရိသတ်တွေ ဝင်လာတဲ့ အချိန်မှာပဲ ပရိသတ်တချို့က ပိုင်အိုလီရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ဆုတံဆိပ်ကို ယူဆောင်သွားခဲ့တာပါ။ ပိုင်အိုလီ ကတော့ ဒီဆုတံဆိပ်ကို ပြန်လည်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပိုင်အိုလီ က “ ဆုတံဆိပ် ခိုးယူခံလိုက်ရပါတယ်။ ချန်ပီယံဆုတံဆိပ်ကို တစ်စုံတစ်ယောက်က လည်ပင်းကနေ ချွတ်ပြီး ယူသွားခဲ့တာပါ။ ပြန်ပေးမယ်ဆိုရင် ကျနော် အလွန် ကျေးဇူးတင်မိမှာပါ။ ဒါက ကျနော့်ရဲ့ တစ်ခုတည်းသော ချန်ပီယံ ဆုတံဆိပ်မို့လို့ပါ”လို့ ပြောခဲ့တာပါ။

အေစီမီလန် နည်းပြက သူ့ရဲ့ ဆုတံဆိပ် ခိုးယူခံလိုက်ရတယ်လို့ ပြောပြီးနောက်မှာ လိဂ်တာဝန်ရှိသူတွေက သူ့ကို အစားထိုး တစ်ခု ပြန်ပေးမယ်လို့ ပြောခဲ့ပါတယ်။

“မစ္စတာ ပိုင်အိုလီရေ ခင်ဗျားကို ကျနော်တို့ နောက်ထပ်တစ်ခု ထပ်ပေးပါမယ်”လို့ ရေးသားခဲ့တာပါ။

ခိုးခံလိုက်ရတဲ့ ပိုင်အိုလီရဲ့ ဆုတံဆိပ်(News Post US)

ပိုင်အိုလီရဲ့ ခိုးယူခံလိုက်ရတဲ့ ဆုတံဆိပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်လာခဲ့ပြီး ခိုးယူသွားတယ်လို့ သံသယရှိတဲ့ လူတစ်စုက သူတို့ အသုံးပြုတဲ့ အင်စတာဂရမ် Story မှာ “ကျေးဇူးတင်ပါတယ် ပိုင်အိုလီ”ဆိုပြီး ရေးသားကာ ဆုတံဆိပ်နဲ့အတူ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကို ပြန်ပေးမလား အရေးယူ ခံမလားဆိုတာတော့ လက်ရှိအချိန်မှာ မသိရသေးပါဘူး။ သူတို့တွေဟာ ဒီဆုတံဆိပ်ကို အင်တာနက်ပေါ်မှာ ရောင်းချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

စီးရီးအေ ဆုဖလားဟာ ပိုင်အိုလီရဲ့ နည်းပြဘဝမှာ ရရှိတဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်ခဲ့တာပါ။ အေစီမီလန် အသင်းဟာ ရာသီ နောက်ဆုံးပွဲအထိ မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းနဲ့ ပြိုင်ဆိုင်ခဲ့ရပြီး ၂ မှတ်အသာနဲ့ ချန်ပီယံဆုကို ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။

ပိုင်အိုလီ ဟာ နာမည်ကြီး စီးရီးအေ ကလပ်တွေဖြစ်တဲ့ လာဇီယို၊ အင်တာမီလန်၊ ဖီအိုရင်တီးနားနဲ့ ပါးမား အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။

Source: Daily Mail