CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

ပီအက်စ်ဂျီ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ခဲ့ပေမယ့် ရီးရယ်လ်ကို ပြောင်းဖို့ အိမ်မက်တွေ မပြီးဆုံးသေးဘူးလို့ ဘတ်ပီ က ပြောလိုက်ပါတယ်။

ဘတ်ပီ ဟာ ရီးရယ်လ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ပီအက်စ်ဂျီ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ခဲ့တာပါ။ ဒါကြောင့် ရီးရယ်လ် အသင်းနဲ့ ပရိသတ်တွေက ဘတ်ပီ ကို ဒေါသထွက်နေကြပါတယ်။

ဘတ်ပီ ကတော့ ဒီလိုဖြစ်နေတဲ့ ခံစားချက်တွေဟာ အချိန်ကြာလာရင် ပျောက်ကွယ်သွား လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းမှာ ၂၀၂၅ အထိ ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းမှာ ကစားချင်တဲ့ အိမ်မက်တွေ ပြီးဆုံးသွားပြီလားလို့ ဘီဘီစီက မေးခဲ့တာမှာ ဘတ်ပီ က “ ဘယ်တော့မှ မပြီးဆုံးပါဘူး။ အခုအချိန်မှာ ပီအက်စ်ဂျီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာက တစ်ခုတည်းသော အရာပါပဲ။ အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ခင်ဗျားတို့ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ အခုလက်ရှိ ပီအက်စ်ဂျီနဲ့ ၃ နှစ် စာချုပ်ချုပ် ဆိုခဲ့တာကို သာ တွေးနိုင်ပြီး အနာဂတ်အကြောင်းကို မတွေးနိုင်သေးပါဘူး”လို့ ပြောခဲ့တာပါ။

ဘတ်ပီနဲ့ ရီးရယ်လ်အသင်း ဥက္ကဋ္ဌကို တွေ့ရစဉ်(Africa Top Sports)

ရီးရယ်လ်အသင်းကို မပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ထပ်မေးခဲ့တာမှာ ဘတ်ပီ က “ ကျနော်ဟာ ကလပ်နဲ့ သူ့ကို လေးစားမှု အများကြီးရှိလို့ ရီးရယ်လ်ဥက္ကဋ္ဌကို စကားပြောခဲ့ပါတယ်။ ကျနော် မလာတော့ဘူး ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ပြောဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကစားသမားကောင်း တစ်ဦးဖြစ်ဖို့ဆိုရင် ခင်ဗျားအနေနဲ့ ရိုးသားဖို့ လိုပါတယ်။ အရာ အားလုံးက အလွန်ကောင်းမွန်ပြီး ကျနော်တို့ဟာ ဆက်ဆံရေးကောင်းတွေရှိတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းကို ၂၀၁၇ က ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၁၇ ပွဲ ပါဝင်ကစား ကာ ၁၇၁ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘတ်ပီ ဟာ အခုနှစ် ရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၃ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

Source: Goal