CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် ၂၀၂၂-၂၃ ရာသီသစ်အတွက် လတ်မှတ်တွေအားလုံး ရောင်းကုန်သွားပြီ ဖြစ်တယ်လို့ အသင်းက အတည်ပြု လိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီမှာ ရလဒ်တွေ ဆိုးရွားပြီး ၅ ရာသီ ဆက်တိုက် ဆုဖလားလက်မဲ့အဖြစ် ရာသီသိမ်းခဲ့တာပါ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီး အဆင့် ၆ နေရာမှာသာ ရပ်တည်ကာ ယူရိုပါလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေဆိုးပြီး ရာသီသိမ်းခဲ့ပေမယ့် ရက်ပိုင်းအကြာမှာပဲ အသင်းရဲ့ လက်မှတ်တွေ အားလုံး ရောင်းကုန်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကို နည်းပြသစ်အဖြစ် အဲရစ်တန်ဟတ် က ကိုင်တွယ်မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေက စိတ်လှုပ်ရှား နေကြတာလည်း ဖြစ်ပါတယ်။ အဲရစ်တန်ဟတ် ကတော့ အသင်းနဲ့ အလုပ်တွေ စတင်လုပ်ကိုင် နေပြီဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့တာပါ။

ဒတ်ချ်လူမျိုးနည်းပြက မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ ပရီးမီးယားလိဂ်မှာ ကြီးစိုးနေတာကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့် ကြောင်းလည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် အဲရစ်တန်ဟတ်(Sports)

အဲရစ်တန်ဟတ် က “ မန်ချက်စတာယူနိုက်တက် နည်းပြရာထူးကို ရယူတာ အန္တရာယ်လို့ မမြင်မိပါဘူး။ ကလပ်မှာ ကောင်း မွန်တဲ့ သမိုင်းကြောင်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကြောင့် အနာဂတ်ကို ကျနော်တို့ ဖန်တီးကြရပါမယ်။ ကစားသမား တွေနဲ့ အကောင်းဆုံး လက်တွဲလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဟာ အခုရာသီ မတိုင်ခင်ကလိဂ်မှာ ဒုတိယဖြစ်ခဲ့ပြီး အလားအလာ ကောင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ ဂွာဒီယိုလာနဲ့ ကလောပ့်ကို ကျနော်လေးစားပါတယ်။ သူတို့ရဲ့ ဘောလုံး ကစားပုံတွေကလည်း အလွန်ကောင်းပါတယ်။ ဒါပေမယ့် ခေတ်တစ်ခေတ် ကုန်ဆုံးသွားနိုင်တယ်ဆိုတာ ခင်ဗျားတို့ တွေ့မြင် နိုင်ပါတယ်။ သူတို့နဲ့ တိုက်ပွဲဝင်ဖို့ မျှော်လင့်ကြောင်း”ပြောသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုရာသီအကုန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ ကာဗာနီ၊ မာတာ၊ မာတစ်၊ လင်ဂတ် တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် သူတို့ကို ထွက်ခွာခွင့် ပေးရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြသစ် တန်ဟတ် အနေနဲ့ သူတို့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တွေ ဖြည့်တင်းရတော့ မှာပါ။

၂၀၂၂-၂၀၂၃ ရာသီကို သြဂုတ်လ ၆ ရက်မှာ စတင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဟာ ပွဲစဉ်ဇယားကို ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: Manutd/BBC