CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

မြန်မာ့လက်ရွေးစင် အသင်းဟာ ၂၀၂၃ မှာ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ မေလ ၂၄ ရက်မှာ ဟောင်ကောင်၊ မေလ ၂၇ ရက်မှာ ဘာရိန်းအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာပါ။ မြန်မာ အသင်းဟာ ဒီခြေစမ်းပွဲ ၂ ပွဲ ကစားပြီးရင်လည်း ထိုင်းနိုင်ငံမှာ ဆက်လက် လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတော့ အာရှခြေစစ်ပွဲတွေ ကစားဖို့အတွက် ဇွန်လ ၃ ရက်မှာ ကာဂျစ္စတန်ကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ဖို့အတွက် အုပ်စု (F) မှာ ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းတို့နဲ့ ကျရောက်နေခဲ့တာပါ။

အုပ်စုတွင်း ပထမနဲ့ ဒုတိယ ရရှိခဲ့မယ်ဆိုရင် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မြန်မာအသင်းကို ကစားသမား ၂၇ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်အပြီးမှာ အပြီးသတ် လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေး က ထုတ်ပြန်သွားမှာပါ။

မြန်မာအမျိုးသားဘောလုံးအသင်း လေ့ကျင့်ခန်းဆင်းနေစဉ်(MFF)

မြန်မာအသင်းရဲ့ ပဏာမ လူစာရင်းမှာတော့ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူနဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာ ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒေးဗစ်ထန်၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုးနဲ့ ဇော်ရဲထွန်းတို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အလယ်တန်းမှာတော့ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်းနဲ့ အောင်မျိုးခန့်တို့ ပါဝင်ကြပါတယ်။ ရှေ့တန်းမှာတော့ သန်းပိုင်၊ ဝင်းနိုင်ထွန်းနဲ့ အောင်ကောင်းမာန်တို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ အာရှဖလား ခြေစစ်ပွဲစဉ်အဖြစ် ဇွန်လ ၈ ရက်မှာ တာဂျီကစ္စတန်၊ ၁၁ ရက်မှာ ကာဂျစ္စတန်၊ ၁၄ ရက်မှာ စင်ကာပူ တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ မြန်မာ အသင်းဟာ အာရှဖလားပြိုင်ပွဲကို ၁၉၆၈ က တစ်ကြိမ်တည်းသာ ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ဒုတိယရရှိခဲ့တာ ဖြစ်ပါတယ်။