CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ထိုင်းလိဂ် ၂ ကလပ် ထရတ်အသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ ဟောင်း ဇော်မင်းထွန်းကို ရာသီသစ်အတွက် ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ 

ဇော်မင်းထွန်းဟာ ၂၀၂၁-၂၂ ရာသီက ထရတ်အသင်းမှာ ပွဲပေါင်း ၂၃ ပွဲ ကစားခဲ့ပြီးနောက် ချောင်ဘူရီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

ဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၁ ကလပ် နာခွန်ပသွမ်အသင်းမှာ ကစားခဲ့ပြီး စာချုပ်ကုန်ဆုံးခဲ့တာ ကြောင့် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ရာသီသစ်မှာတော့ ဇော်မင်းထွန်းဟာ ထရတ်အသင်းကို ထိုင်းလိဂ် ၂ ကနေ လိဂ် ၁ ကို တန်းတက်နိုင်အောင် ကူညီပေးရတော့မှာပါ။ 

ဇော်မင်းထွန်းက “ကျနော့်ရဲ့ အရည်အသွေးတွေကို ယုံကြည်မှုအပြည့်နဲ့ အသင်းထံ ပြန်လာရတာကို ကျနော် ပျော်ရွှင်ပါတယ်။ ကျနော့်ရဲ့ အကောင်းဆုံး အရာတွေကို အသင်းထံ ပေးသွားမှာပါ။ လူတိုင်းနဲ့အတူ အမှတ်တရ အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်။ ထရတ်အသင်းကို ထိုင်းလိဂ် ၁ ပြန်ပို့ပေးနိုင်ဖို့ အတွက် အသင်းဖော် အသစ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ ကျနော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ကျနော်နဲ့ အသင်းကို အားပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ဇော်မင်းထွန်းကို တွေ့ရစဉ်

ထရတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးနေရာ ရပ်တည်ကာ တန်းဆင်းခဲ့ရတာပါ။ 

အဲဒါကြောင့် လာမယ့်ရာသီ တန်းပြန်တက်နိုင်ဖို့ ဝါရင့်နောက်ခံလူ ဇော်မင်းထွန်း အပါအဝင် ကစားသမားအချို့ကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၁ ကနေ လိဂ် ၂ ကို ထရတ်အသင်းနဲ့အတူ ချောင်ဘူရီ၊ ပူးလစ်တယ်ရိုအသင်းတို့ တန်းဆင်းခဲ့တာပါ။ 

မကွေး၊ ရတနာပုံ၊ ဂျီအက်ဖ်အေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့တဲ့ ဇော်မင်းထွန်းဟာ ၂၀၁၉ ခုနှစ် ကတည်းက အာဆီယံကလပ် အသင်းတွေမှာ ကျင်လည်နေတာ ဖြစ်ပါတယ်။ 

ဇော်မင်းထွန်းဟာ ချောင်ဘူရီ၊ ဆူခိုထိုင်း၊ ပီနန်း၊ ထရတ်နဲ့ နာခွန်ပသွမ်အသင်းတွေမှာ ကစားခဲ့တာပါ။ 

ဇော်မင်းထွန်းဟာ မြန်မာအသင်းအတွက် ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ်အထိ ပွဲပေါင်း ၇၅ ပွဲကစားခဲ့ပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။