CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

2024 AFC Futsal Asian Cup ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တာမှာ မြန်မာအသင်း ဟာ အုပ်စု A မှာ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။

အုပ်စု B မှာ ဥဇဘတ်ကစ္စတန်၊ ဆော်ဒီ၊ အီရတ်နဲ့ သြစတြေးလျ၊ အုပ်စု C မှာ ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယားနဲ့ ကာဂျစ္စတန်၊ အုပ်စု D မှာ အီရန်၊ ကူဝိတ်၊ ဘာရိန်းနဲ့ အာဖဂန်နစ္စတန်တို့ ကျရောက်နေတာပါ။ 

ဒီပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ရပ်တည်တဲ့ အသင်း ၂ သင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်ကိုတက်တဲ့ အသင်း ၄ သင်းဟာ ဥဇဘတ်ကစ္စတန်မှာ ကျင်းပမယ့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။

အုပ်စုမဲခွဲ စာရင်းကိုတွေ့ရစဉ်

ဥဇဘတ်ကစ္စတန် အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ အသင်းတွေဟာ ပလေးအော့ဖ် ပြန်လည်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပလေးအော့ဖ်အဆင့်မှာ အနိုင်ရတဲ့အသင်းဟာ ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါ တယ်။ မြန်မာဖူဆယ်အသင်းဟာ AFC Futsal Asian Cup ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင် တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ်၂၀၁၈ ခုနှစ်ကပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

၂၀၁၈ ခုနှစ်က ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲကစားပြီး ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။ 

အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ပြည်တွင်းမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေက အကောင်းဆုံး ကစားသမားတွေရွေးပြီး စခန်းသွင်း လေ့ကျင့်ကာ အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။