CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

တူရကီထိပ်တန်းလိဂ်ပွဲစဉ်မှာ အထိုးခံခဲ့ရတဲ့ ကွင်းလယ်ဒိုင်လူကြီး မီလာဟာ သူ့ရဲ့ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက ပြောလိုက်ပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်အကြီးအကဲက “မီလာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။ သူဟာ အခုအချိန်မှာ ဒိုင်လူကြီးအဖြစ်ကနေ နုတ်ထွက်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူး” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီး မီလာဟာ အန်ကာရာဂူချုအသင်းနဲ့ ရီဇီစပေါ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကွင်းအတွင်းပြေးဝင်လာတဲ့ အန်ကာရာဂူချုအသင်းဥက္ကဋ္ဌရဲ့ ထိုးကြိတ်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အန်ကာရာဂူချုအသင်းဥက္ကဋ္ဌဟာ ဖမ်းဆီးထိန်းသိမ်းခံထားရသလို တူရကီလိဂ်တွေအားလုံးကို ဆိုင်းငံ့ထားပေမယ့် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြန်လည်စတင်သွားမယ်လို့ တူရကီဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ ရွှေ့ဆိုင်းထားတဲ့ တူရကီလိဂ်ပွဲစဉ်တွေကို ဇန်နဝါရီ ၁၀ ရက်မှာပြန်လည်ကျင်းပသွားမယ်လို့ လည်း ပြောခဲ့တာပါ။

ဒိုင်လူကြီး မီလာကတော့ ဒီဇင်ဘာ ၁၃ ရက်က ဆေးရုံကနေဆင်းလာခဲ့ပြီး အခြားကျန်းမာရေးပြဿနာမရှိဘူးလို့ သိရပါတယ်။ မီလာဟာ ယူအီးအက်ဖ်အေရဲ့ ထိပ်တန်းဒိုင်လူကြီးစာရင်းထဲမှာ ပါဝင်ပြီး ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့တာမှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံးကို အပြင်းထန်ဆုံးပြစ်ဒဏ်ပေးသွားဖို့ တူရကီဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်နေပြီး ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ဒီအဖြစ်အပျက်ဟာ လက်ခံနိုင်စရာလုံးဝမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ပြောထားခဲ့ပါတယ်။

အန်ကာရာဂါချုအသင်းဥက္ကဋ္ဌဟာ သူ့ရဲ့လုပ်ရပ်အတွက်တောင်းပန်ကြောင်းနဲ့ အသင်းဥက္ကဋ္ဌရာထူးကလည်း နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

Source:BBC