CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ဘာမင်ဂမ်အသင်းက ကာဒစ်ဖ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းနည်းပြဘဝ ပထမဆုံး အဝေးကွင်းနိုင်ပွဲ စတင်ရရှိသွားခဲ့ပါတယ်။

ကာဒစ်ဖ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဘာမင်ဂမ်အသင်းအတွက် အနိုင်ဂိုးကို ဘာကူနာက သွင်းယူပေး ခဲ့တာပါ။ 

ဘာမင်ဂမ်အသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကိုင်တွယ်ခဲ့တဲ့ ဝိန်းရွန်နီဟာ အသင်းရလဒ်ဆိုးတွေ ကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ 

ကာဒစ်ဖ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဝိန်းရွန်နီအတွက် အနည်းငယ် သက်သာရာရခဲ့ပြီး ဒီနိုင်ပွဲဟာ သူ့ရဲ့ ဘာမင်ဂမ် အသင်းနည်းပြဘဝ ၁၀ ပွဲမြောက်မှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ဝိန်းရွန်နီကို တွေ့ရစဉ်

ဝိန်းရွန်နီ မကိုင်တွယ်ခင်တုန်းက ဘာမင်ဂမ်အသင်းဟာ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ဝင်ခွင့်နေရာ ရပ်တည်နေပေမယ့် လက်ရှိအချိန်မှာတော့ အဆင့် ၁၆ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဘာမင်ဂမ်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ် ရရှိထားပြီး ပလေးအော့ဖ် ဝင်ခွင့်နေရာနဲ့ ၆ မှတ် ကွာဟနေတာပါ။

ဝိန်းရွန်နီကတော့ ခက်ခဲတဲ့ ရက်သတ္တပတ်တွေအပြီးမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ကစားသမားတွေအတွက် ဝမ်းသာမိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဝိန်းရွန်နီက “ဒီကိုလာရတာ ခက်ခဲတဲ့ပွဲ ဖြစ်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ဟာ ပထမပိုင်း မပြီးခင် မှာ သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း စွမ်းဆောင်ရည်ကို ပိုပြီးကျေနပ်မိပါတယ်။ သူတို့ကို အခွင့်အရေးရော၊ ဂိုးရော မပေးခဲ့သလို ကျနော်တို့တောင် ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ လူတိုင်းအတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တွေအပြီးမှာ ဒီစွမ်းဆောင်ရည်ကို ကျေနပ်သလို ဒီလိုရလဒ် ရယူနိုင်ဖို့ အရေးကြီးတယ်”လို့ ပြောခဲ့ ပါတယ်။

ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ် ချန်ပီယံရှစ် ပွဲစဉ်အဖြစ် ထိပ်ဆုံးနေရာက လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC