CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၅

အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ စတာရစ်ချ်တို့ဟာ PSV အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝမ်နရီကို အင်္ဂလန်အသင်း လူစာရင်းထဲ ခေါ်ယူဖို့ နည်းပြသစ် တူချယ်လ်ကို တိုက်တွန်းခဲ့ကြပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိ ဝမ်နရီဟာ အာဆင်နယ်အသင်းက PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ဝမ်နရီဟာ ဒီသွင်းဂိုးကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ တတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်ခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာ ပြသခဲ့တဲ့ ဝမ်နရီရဲ့ ခြေစွမ်းကို ဝိန်းရွန်နီနဲ့ စတာရစ်ချ်တို့က ချီးကျူးခဲ့ပြီး အင်္ဂလန်လူစာရင်းထဲ ခေါ်ယူဖို့ပြောခဲ့တာပါ။

စတာရစ်ချ်က “ကျနော်ကတော့ ဝမ်နရီရဲ့ မယုံနိုင်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် အင်္ဂလန်လူစာရင်းထဲ ပါဝင်ဖို့ အလွန်မျှော်လင့်ပါတယ်။ ကျနော် သူ့ကို ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။

 ဝမ်နရီကို တွေ့ရစဉ် 

ဝိန်းရွန်နီကလည်း “ပထမဆုံးအကြိမ် အင်္ဂလန်အသင်းရဲ့ခေါ်ယူမှုအတွက် သူအဆင်သင့် ဖြစ်နေပြီလို့ ကျနော် ထင်ပါတယ်။ ဝမ်နရီဟာ သူ့ဆီမှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိကြောင်းကို ပြသခဲ့ပါတယ်။ သူလုပ်နေတဲ့ပုံစံ အတိုင်း ဆက်လုပ်ရင် အခွင့်အရေးကောင်းတွေရမှာပါ”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဝမ်နရီဟာ ဒီရာသီမှာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ပွဲထွက်လူစာရင်း ပါဝင်ကာ သူ့ရဲ့ခြေစွမ်းကို သက်သေပြခွင့် ရခဲ့ပါတယ်။ 

ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။ 

ဝမ်နရီဟာ အင်္ဂလန် သက်တမ်းလိုက် အသင်းတွေမှာ ပါဝင်ကစားထားပြီး ယူ-၁၉ အသင်းအတွက် နောက်ဆုံး ကစားထားတာ ဖြစ်ပါတယ်။