CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၃

ယူနိုက်တက်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် နည်းပြ အာတီတာက အာဆင်နယ်အသင်းရဲ့ သမိုင်းကြောင်း ဖန်တီးသူတွေကို ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက “ပရီးမီးယားလိဂ် တစ်ရာသီမှာ နိုင်ပွဲ ၂၇ ပွဲ ရယူနိုင်ခဲ့တာက နှစ်ပေါင်း ၁၃၀ သက်တမ်းရှိတဲ့ ကျနော်တို့အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အများဆုံးနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ တိုးတက်လာ တယ်ဆိုတာထက် သမိုင်းကြောင်းကို ရေးထိုးနိုင်ခဲ့တာပါ။ ကျနော်တို့ကစားနေတဲ့ ဒီလိဂ်မှာ ဒီလိုနိုင်ပွဲရရှိအောင် လုပ်ရတာဟာ အလွန်ခက်ခဲပါတယ်။ အဲဒါကြောင့် ကစားသမားတွေရော၊ ဝန်ထမ်းတွေရောကို သူတို့လုပ်ဆောင်ခဲ့ တဲ့ အရာတွေအတွက် ချီးကျူးချင်ပါတယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၂၇ ပွဲအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါက ၃၈ ပွဲ ကစားရတဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ စံချိန်သစ်လည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒီနိုင်ပွဲစံချိန်ဟာ ၂၀၀၃-၀၄ ရာသီက ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အသင်းရဲ့ နိုင်ပွဲကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရခဲ့တာပါ။ 

လန်ဒန်ကလပ်ဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၁ မှတ် အသာနဲ့ ပရီးမီးယားလိဂ်အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းဟာ ကြားရက်မှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျန် ကစားဖို့ ရှိနေပြီး ဒီပွဲမှာ အနိုင်ရခဲ့ရင် အာဆင်နယ်အသင်းအတွက် ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်နည်း သွားမှာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ရာသီရဲ့ နောက်ဆုံးမိနစ်အထိ သူတို့တိုက်ပွဲ ဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: goal