CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၃

စိန့်ပေါ်လီအသင်းဟာ အိုစနာဘရုခ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ၁၃ နှစ်ကြာ ဝေးကွာနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ စိန့်ပေါ်လီအသင်းဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဒူဆယ်ဒေါ့ဖ်အသင်းကို ၆ မှတ်ဖြတ်ထားပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေတာပါ။ 

အဲဒါကြောင့် စိန့်ပေါ်လီအသင်းဟာ ၁၃ နှစ်ကြာ ဝေးကွာနေတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ စိန့်ပေါ်လီအသင်း ပရိသတ် အများအပြားဟာ ကွင်းအတွင်း ဝင်ရောက်ကာ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စိန့်ပေါ်လီအသင်း ပရိသတ်တွေကိုတွေ့ရစဉ်

စိန့်ပေါ်လီအသင်းနည်းပြ ဖာဘီယန်က “အသင်းအတွက်ရော တစ်မြို့လုံးအတွက်ပါ ကျနော် ပျော်ရွှင်ပါတယ်။ ကျနော်တို့ လိုချင်တဲ့အရာကို ရယူနိုင်ခဲ့ပါပြီ။ ဒီအသင်းကို နည်းပြခွင့်ရတဲ့ အတွက်လည်း  ကျနော် အလွန်ပျော်ရွှင် ပါတယ်။ အောင်မြင်မှုဆိုတာ ပြင်းပြင်းထန်ထန် ကြိုးစားမှုကနေ လာတာပါ”လို့ ပြောခဲ့ပါတယ်။

စိန့်ပေါ်လီအသင်းနဲ့အတူ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲကို ဟိုလ်စတိန်းကီရယ်လ်အသင်းလည်း တန်းတက် နိုင်ခဲ့တာပါ။

စိန့်ပေါ်လီအသင်းဟာ ဒီရာသီ နောက်ဆုံးပွဲစဉ်အဖြစ် ဝီစ်ဘာဒန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့ရင် ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ 

အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ဒူဆယ်ဒေါ့ဖ်အသင်းကတော့ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းတက် နိုင်ဖို့အတွက် ဘွန်ဒက်လီဂါအဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့အသင်းနဲ့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

လက်ရှိအချိန်မှာ ယူနီယံဘာလင်အသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပလေးအော့ဖ်ပွဲစဉ် တွေကိုတော့ မေလ ၂၃ ရက်နဲ့ ၂၇ ရက်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source: AP