CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၃

လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါသမိုင်းမှာ တစ်ရာသီလုံးရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ဇာဘီအလွန်ဆိုက ပြောခဲ့ပါတယ်။

ဇာဘီအလွန်ဆိုက “လာမယ့် စနေနေ့မှာ ရှုံးပွဲမရှိ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ လုပ်ဆောင်စရာ ရှိပါသေးတယ်။ ဒါကို ဘယ်သူကမှ မလုပ်နိုင်သေးပါဘူး။ အဲဒါကြောင့် ကျနော်တို့အတွက် အရေးကြီးပါတယ်။ လေဗာကူဆင်မှာ ဆုဖလားရယူရတာဟာ အလွန်ထူးခြားပါတယ်။ ကစားသမားတွေဟာ တစ်ရာသီလုံး အာရုံစိုက်ထားတာကြောင့် သူတို့အတွက် ထူးခြားပါတယ်။ သူတို့အတွက် ကျနော်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုချန်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ရှုံးပွဲမရှိတဲ့ ပွဲအရေအတွက် ၅၀ အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ဘင်ဖီကာ အသင်း တင်ရှိထားတဲ့ နှစ်ပေါင်း ၅၉ နှစ်ကြာ ဥရောပဘောလုံးသမိုင်းမှာ အရှည်ကြာဆုံး ရှုံးပွဲမရှိ စံချိန်ကိုလည်း ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းကို တွေ့ရစဉ်

ဒါအပြင် လေဗာကူဆင်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘတ်အသင်းနဲ့ပွဲမှာ ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ရင် ဘွန်ဒက်လီဂါသမိုင်းမှာ တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဇာဘီအလွန်ဆိုဟာ ဒီမှတ်တမ်းကို ရေးထိုးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ လေဗာကူဆင်အသင်းဟာ လိဂ်ပွဲစဉ်တွေအပြီး မေလ ၂၂ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန်တာအသင်း၊ ၂၅ ရက်မှာ ပိုကယ်လ် ဖလား ဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီပွဲတွေမှာပါ အနိုင်ယူပြီး တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: CNA