CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅

လေဗာကူဆင်အသင်းဟာ ဝါဒါဘရီမင်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် အသင်းရဲ့နှစ်ပေါင်း ၁၂၀ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဘွန်ဒစ်လီဂါဆုဖလားကို ရရှိသွားခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ်အထိ ဖြတ်ထား နိုင်ခဲ့ပြီး ဒီရာသီ ဘွန်ဒစ်လီဂါပွဲကစားဖို့ ၅ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဆုဖလားရရှိသွားခဲ့တာပါ။ 

ပွဲအပြီးမှာ လေဗာကူဆင်အသင်း ပရိသတ်တွေဟာ ကွင်းအတွင်း ဆင်းလာခဲ့ပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံမှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၁ ကြိမ်ဆက်တိုက် ရယူထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြီးစိုးနေမှုကို အဆုံးသတ်ပေးခဲ့တဲ့ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ဒီခံစားချက်က မယုံနိုင်လောက်အောင်ပဲလို့ ပြောခဲ့တာပါ။

ဇာဘီအလွန်ဆိုက "ကျနော်တို့ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲ ခံမှုပြုလုပ်ရမှာပါ။ ဒါက နည်းပြတစ်ဦးအနေနဲ့ ကျနော့်အတွက် ပထမဆုံးရာသီ အပြည့်အဝ ကိုင်တွယ်ရတာဖြစ်ပြီး ခံစားချက်က မယုံနိုင်လောက်အောင်ပါပဲ။ ကျနော်အားလုံးကို ဂုဏ်ယူတယ်"လို့ ပြောခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံရှုံးပွဲမရှိ စံချိန်ကို တင်ထားပြီး ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရယူနိုင်မယ့် လမ်းကြောင်းမှာ ရှိနေပါတယ်။ 

အဲဒါကြောင့် လေဗာကူဆင် အသင်းအနေနဲ့ တစ်ရာသီအတွင်း ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံးစလုံး ရယူသွားနိုင် မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source: BBC