CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၄

လေဗာကူဆင်အသင်းဟာ ကိုလုံးအသင်းနဲ့ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၄ မိနစ်မှာ ကိုလုံးကစားသမား သီရယ်လ်မန်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လေဗာကူဆင်အသင်းဟာ ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရတာဖြစ်ပြီး သွင်းဂိုးတွေကို ဖရင်ပေါင်နဲ့ ဂရီမယ်လ်ဒိုတို့က သွင်းယူခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၂၄ ပွဲကစားအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁၀ မှတ်အထိ အသာရပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ကိုလုံးအသင်းကို အနိုင်ရခဲ့တဲ့အတွက် ဒီရာသီပြိုင်ပွဲစုံ ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတစ်ခုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာပါ။

 လေဗာကူဆင်အသင်း ယှဉ်ပြိုင်နေစဉ်

လေဗာကူဆင်အသင်းနည်းပြ ဇာဗီအလွန်ဆိုကတော့ တစ်ရာသီလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ဖို့ထက် တစ်ပွဲပြီး တစ်ပွဲကိုပဲ အာရုံစိုက်သွားမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဇာဗီအလွန်ဆိုက “ဒီပွဲက မလွယ်ကူခဲ့ပေမယ့် ဒီနေရာမှာ အနိုင်ရခဲ့တာက ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့အတွက် ရှေ့ကို ဆက်သွားရမှာပါ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေကို လည်း တစ်ပွဲပြီးတစ်ပွဲကိုပဲ အာရုံစိုက်သွားမယ်”လို့ ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်အသင်း ကွင်းလယ်လူ ရှာကာကတော့ ဘိုင်ယန်မြူးနစ်အသင်း ၁၁ နှစ်ကြာ ဂျာမန်ချန်ပီယံ ဖြစ်ခဲ့တာကို အဆုံးသတ်ချင်ရင် အသင်းအနေနဲ့ ဆက်ပြီးအာရုံစိုက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ရှာကာက “၁၀ မှတ်ဆိုတာ အများကြီးဆိုပေမယ့် ပြီးဆုံးသေးတာ မဟုတ်ပါဘူး။ ကစားရမယ့်ပွဲတွေ ကျန်ရှိနေ သေးတာကြောင့် ချန်ပီယံဆုကို ဆုံးဖြတ်လို့ မရသေးပါဘူး။ ကျနော်တို့ဟာ ဒီပုံစံအတိုင်း ဆက်ရှိပြီး ကိုယ့်အလုပ် ကိုလုပ်ကာ နောက်ထပ် ရမှတ်အနည်းငယ်ကို ထပ်ပြီး စုဆောင်းရမယ်ဆိုတာ အသင်းအနေနဲ့ သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကွာရာဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: AP