CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

လေဗာကူဆင်အသင်းဟာ မိန့်ဇ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ ဂျာမနီစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

လေဗာကူဆင် အသင်းအတွက် ဂိုးတွေကို ရှာကာနဲ့ အန်ဒရစ်ချ်တို့က သွင်းယူခဲ့တာဖြစ်ပြီး မိန့်ဇ်အသင်းအတွက် ချေပဂိုးကို ခိုက သွင်းယူခဲ့တာပါ။ 

လေဗာကူဆင်အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြိုင်ပွဲစုံ ၃၂ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁၁ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ လေဗာကူဆင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရှာကာဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း သူ့ရဲ့ပထမဆုံး ဘွန်ဒစ်လီဂါ သွင်းဂိုးဖြစ်လာခဲ့တာပါ။ 

အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အန်ဒရစ်ချ်က အသင်းဟာ မိန့်ဇ်အသင်းနဲ့ပွဲမှာ ကောင်းမွန်စွာ မကစားနိုင်ခဲ့ပေမယ့် ကံကောင်းပြီး နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အန်ဒရစ်ချ်က “ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျနော်တို့ဟာ ဒီပွဲကို ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး။ ကျနော် တို့ဟာ အနည်းငယ် ကံကောင်းခဲ့တဲ့အတွက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ လိုအပ်တဲ့ ဖြေရှင်းချက် တွေကို ရှာမဖွေနိုင်ခဲ့ပါဘူး။ ကျနော်တို့ အမှားအယွင်းတွေ အများကြီးလုပ်ခဲ့တယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ပိုကယ် ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါအပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာကြောင့် ဒီရာသီ ဆုဖလား ၃ လုံး ရယူနိုင် မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ 

လေဗာကူဆင်အသင်းဟာ ၁၉၉၂-၉၃ ရာသီက ပိုကယ်ဖလား ရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ 

Source: ESPN