CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုက သူဟာ ဒီရာသီကုန်မှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြု ပြောခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “အခုလာမယ့် ၂ ပွဲဟာ လေဗာကူဆင်အသင်း နည်းပြအဖြစ် ကျနော့်ရဲ့ နောက်ဆုံးပွဲဖြစ်မယ် ဆိုတာ ဒီအပတ်ထဲမှာ ကလပ်အသင်းနဲ့ ကျနော်သဘောတူညီမှု ရရှိထားပါတယ်။ အခုအချိန်ဟာ ဒီအကြောင်းကို ကြေညာဖို့ မှန်ကန်တဲ့ အခိုက်အတန့်ပါ။ တနင်္ဂနွေနေ့ အိမ်ကွင်းကစားမယ့်ပွဲမှာ နှုတ်ဆက်ပွဲ ပြုလုပ်ချင်ပါတယ်။ မယုံနိုင်လောက်အောင် ၃ နှစ်ကြာခဲ့ပြီး ကျနော်တို့ အောင်မြင်ခဲ့တာတွေအတွက် ဂုဏ်ယူနိုင်မယ်လို့ ထင်ပါတယ်။ ကလပ်ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ”လို့ ပြောခဲ့တာပါ။
လေဗာကူဆင်အသင်းကို ၃ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဇာဘီအလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် ဦးဆောင် ပေးနိုင်ခဲ့သလို ပိုကယ်ဖလားလည်း ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုဟာ ရာသီကုန်မှာ ထွက်ခွာမယ့် အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး အသင်းဟောင်း ရီးရယ်လ်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူမယ်လို့ သတင်းတွေ ထွက်နေတာပါ။
ဇာဘီအလွန်ဆိုကို တွေ့ရစဉ်
ဒါပေမယ့် ဇာဘီအလွန်ဆိုက အခုအချိန်က အနာဂတ်အကြောင်းကို ပြောရမယ့် အချိန်မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။
ဆိုစီဒက်အရန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဇာဘီအလွန်ဆိုဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှာ လေဗာကူဆင် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
အသက် ၄၃ နှစ်အရွယ်ရှိ ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ ၁၃၈ ပွဲကိုင်တွယ်ထားပြီး ၈၈ ပွဲအနိုင်၊ သရေ ၃၂ ပွဲနဲ့ ၁၈ ပွဲရှုံးနိမ့်ကာ အနိုင်ရာခိုင်နှုန်း ၆၃.၇၇ အထိရှိထားပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတော့ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်မှာဖြစ်ပါတယ်။
Source: BBC