CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ဘောလုံးအားကစား ကလောင်ရှင်များအဖွဲ့(FWA)ရဲ့ ၂၀၂၄-၂၅ ရာသီ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က ရရှိသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၈ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၃၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ထားတဲ့ ဆာလက်ဟာ ဒီဆုအတွက် မဲ ၉၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တာပါ။
ဆာလက်ဟာ ဒီရာသီလီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆာလက်ဟာ FWA တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၁၇-၁၈ ရာသီနဲ့ ၂၀၂၁-၂၂ ရာသီတွေမှာ လည်း ရရှိခဲ့တာကြောင့် အခုတစ်ကြိမ်ဟာ သူ့အတွက် တတိယအကြိမ်မြောက် ရရှိခဲ့တာပါ။
FWA တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီက ၃ ကြိမ်နဲ့ အကြိမ် အများဆုံး ဆွတ်ခူးထားပြီး ဆာလက်က ဒီစံချိန်ကိုလိုက်မီခဲ့တာ ဖြစ်ပါတယ်။
ဆာလက်ကို တွေ့ရစဉ်
၂၀၂၄-၂၅ ရာသီ FWA ဆုအတွက် မဲပေးရွေးချယ်မှုမှာ လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်က နံပါတ် ၂၊ နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်က နံပါတ် ၃ ၊အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က နံပါတ် ၄ နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က နံပါတ် ၅ နေရာမှာ ရပ်တည်ခဲ့တာပါ။
FWA ဆုကို လီဗာပူးလ်အသင်း ကစားသမားတွေက ၁၆ ကြိမ်နဲ့ အကြိမ်အရေအတွက် အများဆုံး ရရှိထားပြီး စပါးနဲ့ ယူနိုက်တက်အသင်းတို့က ၉ ကြိမ်စီ၊ အာဆင်နယ်အသင်းက ၈ ကြိမ်နဲ့ မန်စီးတီးအသင်းက ၇ ကြိမ် ရရှိထားပါတယ်။
FWA အကြီးအကဲ ဂျွန်ခရော့စ်က ဆာလက်ဟာ မှတ်တမ်းစာအုပ်ကို ဆက်ရေးသားနေပြီး ဒီရာသီသူ့ရဲ့ စွမ်းဆောင်ရည်တွေက လီဗာပူးလ်အသင်း အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား ရယူနိုင်ဖို့ အဓိကကျခဲ့တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ မေလ ၁၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail