CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၀

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ သူတို့ရရှိနိုင်တဲ့ ဆုဖလား ၃ လုံးစလုံး ရယူဖို့ထိုက်တန်တယ်လို့ နည်းပြ ဇာဘီအလွန်ဆိုက အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲ ပို့ဆောင်ပေးပြီးနောက် ပြောခဲ့ပါတယ်။

ဇာဘီအလွန်ဆိုက “ကျနော်တို့ဟာ တစ်ပတ်ထဲမှာ ဗိုလ်လုပွဲ ၂ ပွဲ ကစားရတော့မှာပါ။ ရိုးမားအသင်းက ဒုတိယဂိုး သွင်းယူအပြီးမှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ပါတယ်။ ကျနော့် ကစားသမားတွေရဲ့ မျက်လုံးတွေကို ကြည့်လိုက်တဲ့အချိန်မှာ သူတို့ဟာ ဒီထက်ပိုပြီး လိုချင်နေတာကို မြင်တွေ့ခဲ့ ရပါတယ်။ ကျနော်တို့ဟာ ဆုဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေပြီး ကျနော့်ရဲ့ ကစားသမားတွေဟာ ဒီဆုဖလားတွေ အားလုံးရယူဖို့ ထိုက်တန်တယ်”လို့ ပြောပါတယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ ရိုးမားအသင်းတို့ပွဲစဉ်ဟာ ၂ ဂိုး စီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကျော့မှာ လေဗာကူဆင်အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး လေဗာကူဆင်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ ၉၆ မိနစ်အထိ ရိုးမားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့် နေခဲ့ပေမယ့် ၉၇ မိနစ်မှာ ချေပဂိုးသွင်းပြီး သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းကိုတွေ့ရစဉ်

အဲဒါကြောင့် လေဗာကူဆင်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ၄၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ လွန်ခဲ့တဲ့ ၅၉ နှစ်က ဘင်ဖီကာအသင်းတင်ရှိထားတဲ့ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ပြီး ဒီ ၄ ပွဲစလုံး ရှုံးပွဲမရှိကစားကာ နောက်ထပ် ချန်ပီယံဆု ၂ ခုကို ရယူနိုင်မယ်ဆိုရင် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလား ၃ လုံး ရယူနိုင်တဲ့ အသင်းအဖြစ် စံချိန်သစ်တစ်ခုတင်နိုင်မှာ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အတ္တလန်တာအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မာဆေးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

Source: ESPN