CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၉

ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေပြီး စပိန်ကလပ် အသင်းတွေကို ကိုင်တွယ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

နစ္စတယ်ရွိုင်းက “ကျနော်စပိန်မှာ အလုပ်လုပ်ချင်ပါတယ်။ စပိန်ကလပ်တွေနဲ့လည်း စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကစားခဲ့ဖူးတဲ့ အခြားလိဂ်တွေမှာလည်း နည်းပြအဖြစ် ဆောင်ရွက်ချင်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲတွေမှာပါ”လို့ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

နစ္စတယ်ရွိုင်းဟာ အသင်းကြီး နည်းပြဘဝအဖြစ် PSV အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်ဖလား ရယူပေးနိုင် ခဲ့ပေမယ့် အသင်းအတွင်းမှာ သူ့ကို ပံ့ပိုးပေးမှုတွေ အားနည်းခဲ့တာကြောင့် ၂၀၂၂-၂၃ ရာသီအကုန်မှာ နည်းပြရာထူး က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ 

နစ္စတယ်ရွိုင်းဟာ PSV အသင်းကို မကိုင်တွယ်ခင် နယ်သာလန် လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြ အဖြစ် ၂ ကြိမ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက် ချင်နေတာပါ။

 နစ္စတယ်ရွိုင်းကို တွေ့ရစဉ်

နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝမှာ ဒန်ဘော့ရှ်၊ ဟီရန်ဗင်း၊ PSV၊ ယူနိုက်တက်၊ ရီးရယ်လ်၊ မာလာဂါ နဲ့ ဟမ်းဘတ်အသင်းတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နစ္စတယ်ရွိုင်းဟာ လာလီဂါကလပ် အသင်းတွေကို ဦးစားပေး ကိုင်တွယ်ချင်နေပြီး ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါကလပ်တွေကိုလည်း ကိုင်တွယ်ချင်နေတာပါ။ 

အသက် ၄၇ နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းဟာ လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရယ်လ်အသင်းမှာ ၉၆ ပွဲ ကစားခဲ့ပြီး ၆၄ ဂိုးသွင်းယူကာ မာလာဂါအသင်းမှာတော့ ၃၂ ပွဲကစားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝမှာ PSV၊ ယူနိုက်တက်၊ ရီးရယ်လ်အသင်းတို့နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal