CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၉
ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့ ဝုလ်ဗ်စ်အသင်းတိုက်စစ်မှူးကွန်ညာဟာ အာဆင်နယ်အသင်းနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ကွန်ညာဟာ အာဆင်နယ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အများအပြားရဲ့ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေတာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကွန်ညာကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ကာ လာမယ့်နွေရာသီမတိုင်မီ သဘောတူညီမှုရယူနိုင်ဖို့လုပ်ဆောင်နေတာပါ။
ကွန်ညာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ ဝုလ်ဗ်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်နွေရာသီအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။
ကွန်ညာဟာ ဝုလ်ဗ်စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားပေမယ့် စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းပေးရင် ခေါ်ယူလို့ရနိုင်မယ့် အချက်ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ကွန်ညာကို ခေါ်ယူနိုင်မယ့် အပြောင်းအရွှေ့မှာ ဦးဆောင်နေပြီး သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ကွန်ညာဟာ အခြားရွေးချယ်စရာတွေကို ရှာဖွေတဲ့အနေနဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ talkSPORT က ဖော်ပြထားတာပါ။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် တိုက်စစ်ပိုင်းကို အားကောင်းအောင်လုပ်ဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့တိုက်စစ်မှူးစာရင်းထဲမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကီရက်စ်နဲ့ လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကိုတို့လည်း ပါဝင်နေပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူး ကွန်ညာဟာ ဒီရာသီမပြီးဆုံးမီမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ကွန်ညာဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ၁၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေတဲ့ ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် ဘရိုက်တန်၊ပဲလေ့စ့်၊ဘရန်ဖိုဒ့်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Metro