CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၃

ရီးရယ်လ်အသင်းကွင်းလယ်လူ ချူအာမန်နီဟာ ခြေထောက်ဒဏ်ရာ ရရှိနေပေမယ့် ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ချူအာမန်နီက “ကျနော် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်အဆင်သင့် ဖြစ်နေမှာပါ”လို့ ရီးရယ်လ် အသင်းရဲ့ လာလီဂါဆုဖလား အောင်ပွဲခံ အခမ်းအနားမှာ စပိန်သတင်းစာ မာကာရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီဟာ ရီးရယ်လ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ချူအာမန်နီဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ချူအာမန်နီကတော့ ဗိုလ်လုပွဲကို ပါဝင်နိုင်ဖို့ အကောင်းမြင်နေတာ ဖြစ်ပါတယ်။

ချူအာမန်နီကိုတွေ့ရစဉ်

စပိန်ရှိသတင်းတွေမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ ၂၀ ရာခိုင်နှုန်းသာ အခွင့်အရေးရှိတယ်လို့ ဖော်ပြထားတာပါ။ 

အဲဒါကြောင့် ချူအာမန်နီသာ ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင် ချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရီးရယ်လ်အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ်။ 

၂၀၂၂ ခုနှစ်က ပေါင် ၆၆.၈ သန်းနဲ့ မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ချူအာမန်နီဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတာပါ။

ချူအာမန်နီဟာ ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါ၊ ကိုပါဒယ်ရေး၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

Source: Goal