CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို နယူးယော့ခ်ရှိ လေလံပွဲမှာ ပေါင် ၆.၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင် ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲက ဗိုလ်လုပွဲပထမပိုင်း၊ ဆီမီးဖိုင်နယ်၊ကွာတားဖိုင်နယ်၊ ၁၆ သင်း အဆင့်နဲ့ အုပ်စုတွင်း ၂ ပွဲမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးအင်္ကျီကိုလေလံတင်ရောင်းချတာမှာ စံချိန်တင်ထားတာကတော့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာရဲ့ ‘Hand of God’ ဂျာစီဖြစ်ပြီး ပေါင် ၇.၁ သန်းနဲ့ ၂၀၂၂ ခုနှစ်က ရောင်းချခဲ့တာပါ။

ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒီလိုမျိုးလုပ်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းအတွက် ၇ ပွဲစလုံးပါဝင်ကစားခဲ့ပေမယ့် အုပ်စုတွင်းမှာဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၃ ထည်ထဲက ၂ ထည်ကိုသာ လေလံတင်ရောင်းချခဲ့တာပါ။

ဒီလေလံရောင်းချတာကနေ ရရှိတဲ့ ဝင်ငွေအစိတ်အပိုင်းကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ဘောလွန်း ဒီအောဆုကို ရရှိထားတဲ့ မက်ဆီဟာ ဖီဖာရဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ကာတင် စာရင်းမှာ ဘတ်ပီ၊ ဟာလန်းတို့နဲ့အတူ ပါဝင်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ဇန်နဝါရီ ၁၅ ရက်မှာ ကျင်းပ သွားမှာပါ။

မက်ဆီကတော့ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ရာသီသစ်စတင်နိုင်ဖို့ ပြင်ဆင်နေပြီး အသင်း ဟာ လာမယ့်လတွေမှာ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်၊ အယ်လ်ဆာဗေးဒိုး၊ ဟောင်ကောင်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

Source:BBC