CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုက အသင်းနည်းပြ အဲရစ်တန်ဟတ် ရာထူးကနေ ထုတ်ပယ်ခံရဖို့ မျှော်လင့်ခဲ့လိမ့်မယ်လို့ ယူနိုက်တက် ကစားသမား‌ဟောင်း မိုက်ကယ်အိုဝင်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ဆန်ချိုနဲ့ တန်ဟတ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆက်ဆံရေး အဆင်မပြေခဲ့ကြပါဘူး။

ဒါကြောင့် ဆန်ချိုဟာ လက်ကျန်ရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းဆီ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့ပေမဲ့ ဒီရာသီ အစပိုင်းမှာတော့ သူတို့နှစ်ဦးကြား ပြန်လည်အဆင်ပြေခဲ့ပြီးတော့ ယူနိုက်တက်အသင်းဆီ ပြန်လာခဲ့ ပါတယ်။

ဒီနောက်မှာတော့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာပါ ပါဝင် ကစားခဲ့ပါတယ်။

တန်ဟတ်က သူနဲ့ ဆန်ချိုတို့အကြား အရာအားလုံး ပြည်ဖုံးကာ ချလိုက်ပြီဖြစ်ပြီး အကောင်းဆုံး ရှေ့ဆက် သွားတော့မှာလို့ ထုတ်ပြောခဲ့သလို ရိန်းဂျားစ်နဲ့ ပွဲမှာလည်း ဆန်ချိုကို ထည့်သွင်းခဲ့ပါတယ်။

 မိုက်ကယ် အိုဝင် ကို တွေ့ရစဥ်

ဒီအခြေအနေတွေအရ တန်ဟတ်နဲ့ ဆန်ချိုကြားမှာ ပြေလည်မှု ရရှိသွားပြီလို့ ထင်ရပေမဲ့ ဆန်ချိုဟာ တန်ဟတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိနေနိုင်တယ်လို့ အိုဝင်က ပြောပါတယ်။

အိုဝင်က "အိုးထရက်ဖို့ဒ်မှာ နည်းပြအပြောင်းအလဲ ဖြစ်သွားတာမျိုး သူမျှော်လင့်ခဲ့လိမ့်မယ်ဆိုတာ ကျနော် သေချာ ပေါက် ပြောနိုင်ပါတယ်။ ဒီလိုဖြစ်သွားမှပဲ သူနဲ့ပတ်သတ်တဲ့ အရာအားလုံး ရှင်းလင်းပြီးသားလည်း ဖြစ်သွားနိုင် မယ်။ ပြီးရင် ဒီအသင်းဆီကိုလည်း ပြန်လာပြီးတော့ အသင်းမှာ ပြန်ကစားဖြစ်ဖို့ မျှော်လင့်ခဲ့ပုံပါပဲ။ 

သူ့ရဲ့ အနာဂတ် ဟာ ဘာဖြစ်လာမလဲဆိုတာ ကျနော် မသိပေမဲ့ သူသေချာပေါက် ဒီအသင်းကနေ ဝေးရာဆီ ထွက်သွား နိုင်ပြီးတော့ ထိပ်တန်းအဆင့်မှာ ဆက်ရှိနေနိုင်တယ်ဆိုတာ သက်သေပြပါလိမ့်မယ်"လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဆန်ချိုကို ပီအက်စ်ဂျီ အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။