CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်က ရက်ရှ်ဖို့ဒ်နဲ့အတူ အသင်းကို ကမ္ဘာ့အကောင်းဆုံး ဖြစ်အောင် တည်ဆောက်မှာဖြစ်လို့ တိုက်စစ်မှူးကို စာချုပ်သစ်ချုပ်ဆိုဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်က သူ့ရဲ့အသင်း ဖြစ်တယ်ဆိုတာကို သူနားလည်မယ်လို့ ထင်ပါတယ်။ ဒီပတ်ဝန်းကျင်၊ ဒီအသင်းမှာလည်း ရက်ရှ်ဖို့ဒ်က အကောင်းဆုံး ဘောလုံးကို ကစားနေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဟာ အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းကို တည်ဆောက်ချင် တာကြောင့် ဒီနေရာက အကောင်းဆုံးနေရာလို့ ပြောချင်ပါတယ်။ သူကလည်း တိုးတက်နေပြီး ၁၀၀ ရာခိုင်နှုန်း ပေးစွမ်းနေပါတယ်။ သေချာတဲ့ အရာကတော့ သူဟာ ကျနော်တို့အတွက် အရေးကြီးပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေကို ရချင်ရင် သူ့ကို ကျနော်တို့ လိုအပ်တယ်”လို့ ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ် အခြေ အနေနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြသနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်ကစားတဲ့ ပွဲတွေမှာဆိုရင် ၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်က မသေချာမှုတွေ ရှိနေပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟာ မကြာသေးခင်ကမှ ယူနိုက်တက်နဲ့ စာချုပ်ပါအတိုင်း ၁ နှစ် သက်တမ်းတိုးထားတာကြောင့် တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ်သက်တမ်း ၁၈ လကျန်ရှိနေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ပီအက်စ်ဂျီကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြောထားတဲ့အတွက် ယူနိုက်တက်အသင်းဟာ စာချုပ်သစ်အတွက် သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ နွေရာသီကတည်းက ရက်ရှ်ဖို့ဒ်ရဲ့ ကစားသမားဘဝကို ပြန်လည် ရှင်သန်လာနိုင်အောင် ကူညီခဲ့တာဖြစ်ပြီး သူနဲ့အတူ အသင်းကို အကောင်းဆုံးပုံစံ တည်ဆောက်ဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အသင်းအတွက် ၂၈ ပွဲ ကစားထား အပြီးမှာ ၁၇ ဂိုး သွင်းယူထားတာပါ။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဒီရာသီဟာ သူ့အတွက် အကောင်းဆုံး ရာသီဖြစ်ဖို့ မျှော်လင့်ကြောင်းလည်း မကြာသေးခင်က ပြောထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲအပြီးမှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ရီးဒင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail