CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ ရုရှားဘောလုံး ကလပ်အသင်းတွေကို ဥရောပ ကလပ်ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် မပြုဖို့ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ Sky News က ဖော်ပြခဲ့ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဟာ ယူကရိန်းနဲ့ ပဋိပက္ခဖြစ်ပြီးနောက် ရုရှားဘောလုံးအသင်းတွေကို ကြီးမားတဲ့ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားလက်ရွေးစင် အသင်းကိုလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မပြုနိုင်အောင် ပလေးအော့ဖ်ပွဲစဉ်ကို ဖျက်သိမ်းခဲ့တာပါ။

ရုရှားအမျိုးသမီး အသင်းကို ပြီးခဲ့တဲ့နှစ်က အမျိုးသမီး ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့သလို အမျိုးသားအသင်းကိုလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုခဲ့တာ ဖြစ်ပါတယ်။

ရုရှားဘောလုံး အဖွဲ့ချုပ်ကတော့ ဒီလိုပိတ်ပင်မှုကို အားကစားခုံရုံးထံ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ချန်ပီယံလိဂ် ဒါမှမဟုတ် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ရုရှားကလပ်နဲ့ နိုင်ငံအသင်းတွေ ပြန်လည် ပါဝင်ခွင့်ရဖို့ ရုရှားဘောလုံးအဖွဲ့ချုပ်က မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

 ဘောလုံးပွဲတစ်ပွဲကိုတွေ့ရစဉ်

ယူအီးအက်ဖ်အေဟာ လက်ရှိ ပိတ်ပင်မှုကို သက်တမ်းတိုးဖို့ ရွေးချယ်ခဲ့တာလို့ Sky News က ဖော်ပြခဲ့တာပါ။

အဲ့ဒါကြောင့် ရုရှားဘောလုံးအသင်းတွေဟာ ဥရောပဘောလုံး အပြင်ဘက်မှာပဲ ဆက်လက် ရှိနေရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေကလည်း ရုရှား ပြန်လည် ဝင်ရောက်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စိတ်အား ထက်သန် နေပေမယ့် ဒါက ယူကရိန်းနဲ့ ဖြစ်နေတဲ့ ရန်စတွေကို လျှော့ချနိုင်တဲ့ အပေါ်မှာလည်း မူတည်နေတာပါ။

လက်ရှိမှာတော့ ရုရှားဘက်ကရော ယူအီးအက်ဖ်အေ ဘက်ကပါ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ယူအီးအက်ဖ်အေဟာ ၂၀၂၃ ဥရောပစူပါဖလားပွဲကို ကာဇန်မှာ ကျင်းပဖို့ မူလက သတ်မှတ်ထားပေမယ့် ဒါကို ဖယ်ရှားသွားမယ်ဆိုပြီး ကြေညာသွားဖွယ် ရှိနေပါတယ်။

၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ ရှိခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော်မှုတွေကြောင့် ပဲရစ်မှာ ပြောင်းလဲပြီး ကျင်းပခဲ့တာပါ။ ရုရှားဟာ လက်ရှိအချိန်မှာပိတ်ပင်မှုတွေကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို ကူးပြောင်းဖို့ စဉ်းစားနေတာတွေလည်း ရှိပါတယ်။

Source: အာတီ